News

ရန်ကုန်ဆိပ်ကမ်းတွင် ကွန်တိန်နာယာဉ်တစ်စီး မီးလောင်


ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရန်ကုန်ဆိပ်ကမ်းနယ်မြေ ဝါးတန်း မီးရထားကုန်ရုံဘူတာအတွင်း ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ကွန်တိန်နာယာဉ်၏ ရှေ့ခေါင်းခန်းမှ ဝါယာကြိုးအပူလွန်ကဲရာက စတင်မီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ရပ်ထားတုန်းလောင်သွားတာ၊ ခေါင်းခန်းတစ်ခုလုံး လောင်သွားတယ်။ နောက်ခန်းမှာ ကုန်သေတ္တာဘောက်ကြီးတော့ပါတယ်။ အထဲမှာ ကုန်ပစ္စည်း ပါမပါ မသိရဘူး၊ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးပါ။ မီးသတ်တပ်ဖွဲ့ကတော့ ခေါင်းခန်းမှာထားတဲ့ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲမီးလောင်တာလို့ သုံးသပ်ထားတယ်၊ ဆုံးရှုံးမှုတန်ဖိုးကလည်း ငါးသိန်းခွဲလောက်ပဲ တွက်ထားတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းမီးလောင်မှုကြောင့် ကုန်သေတ္တာပါ ကွန်တိန်နာယာဉ်၏ ရှေ့ခေါင်းခန်းတစ်ခုလုံး မီးလောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးခန့်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၅ မိနစ်အကြာ ငြှိမ်းသတ်ခဲ့ရကြောင်း၊ ယာဉ်ကို မီးလောင်သည်အထိ ပေါ့ဆစွာ မဆင်မခြင်မောင်းနှင်သည့် အသက် ၄၉ နှစ်အရွယ် အမျိုးသားကို ဆိပ်ကမ်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။ 

အလားတူ လှိုင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ကျောင်းကုန်း (၃) လမ်းရှိနေ အိမ်တစ်လုံးတွင် ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်က တီဗီကြည့်နေစဉ် ဗိုက်ဆာသဖြင့် ထမင်းစားရန် မီးဖိုခန်းအတွင်းဝင်ရောက်ကာ ဂက်စ်အိုးပေါ် ဘဲဥကြော်ထားပြီး နေအိမ်ရှေ့ပြန်ထွက်လာရာက ဆီဒယ်အိုးအပူလွန်ကဲကာ စတင်မီးလောင်ခဲ့သဖြင့် မီးပေါ့ဆသုံးစွဲသည်ဟုဆိုသော အသက် ၂၇ နှစ်အရွယ် အမျိုးသားကို ယင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားသည်။

J-16



FOLLOW US