News

19-Jul-2018

အင်းလေး SME
အင်းလေးဒေသအနီးရှိ SME လုပ်ငန်းများကို ဆွစ်ဇာလန် ငွေကြေးထောက်ပံ့


ရန်ကုန်၊ ဇူလိုင် ၁၈

ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်မှုအတွက် အလားအလာအရှိဆုံးဒေသဖြစ်သည့် အင်းလေးကန်ဒေသ အနီးတစ်ဝိုက်တွင် ဆင်းရဲမှုလျှော့ချရေးနှင့် အသေးစားနှင့် အလတ်စား (SME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွစ်ဇာလန်အစိုးရက ဆွစ်ဖရန့်ငွေ ၄ ဒသမ ၈ သန်း (အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ သန်းကျော်) ထောက်ပံ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။ 

ဆွစ်ဇာလန်အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် ဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်တီးပေးရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တန်ဖိုးကွင်းဆက်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက် Upgrading Horticulture Supply Capacity and Sustainable Tourism to Develop Business Linkages စီမံကိန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အင်းလေးကန်ဒေသ အနီးတစ်ဝိုက်တွင် ရှမ်းပြည်နယ်အစိုးရ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

“ဒီဒေသကခရီးသွားတွေ အများဆုံးလာတယ်လေ။ ဒီစီမံကိန်းက ခရီးသွားတွေအနေနဲ့ အစားအသောက်တွေအပေါ်မှာ ပိုပြီးဝယ်ချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်တဲ့သဘောပါ”ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းဌေးက ပြောကြားသည်။

အင်းလေးကန်ဒေသသည် လူနေမှုဓလေ့ထုံးစံများနှင့် သဘာဝရှုခင်းများကြောင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အလားအလာရှိသည့် ဒေသဖြစ်ပြီး စီမံကိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်းကာလကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ငါးနှစ်စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

“ဒီစီမံကိန်းမှာ UNOPS၊ UNIDO နဲ့ ILO တို့က ပူးပေါင်းကူညီဆောင်ရွက်ပေးမှာပါ။ ဒီစီမံကိန်းအတွက် ရုံးခန်းကိုလည်း ဖွင့်သွားမှာပါ။ အဲဒီမှာစီမံကိန်းရဲ့ နိုင်ငံတကာ အကြံပေးတစ်ယောက်ထိုင်မယ်။ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဝန်ထမ်းနှစ်ယောက်က လိုအပ်တာ ကူညီပေးမယ်ပေါ့”ဟု ဒေါ်သီတာဝင်းဌေးက ဆိုသည်။

J-11



FOLLOW US