News

အင်းလေးဇုန်ဝင်ကြေး မေလ ၁ ရက်မှစ၍ ဒေသခံပူးပေါင်းအဖွဲ့က တာဝန်ယူကောက်မည်
ရန်ကုန်၊ ဧပြီ ၂၈

အင်းလေးဇုန်ဝင်ကြေး ကောက်ခံမှုကို မေလ ၁ ရက်မှစ၍ ဒေသခံအဖွဲ့အစည်းများနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ ပူးပေါင်းအဖွဲ့က တာဝန်ယူကောက်ခံမည်ဖြစ်ကြောင်း အင်းလေးဇုန်ဝင်ကြေး ကောက်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ပြောကြားသည်။

“ကောက်ခံမယ့်နှုန်းထားက အရင်အတိုင်းပဲ မပြောင်းလဲဘူး။ တင်ဒါစနစ် မဟုတ်တော့တဲ့အတွက် ဝင်သလောက် ဧည့်သည်အရေအတွက်အတိုင်း ဇုန်ဝင်ကြေးတွေကို ရသွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

မေလ ၁ လရက်မှစ၍ အင်းလေးဇုန် ဝင်ကြေးကောက်ခံရာတွင် နိုင်ငံခြားသားတစ်ဦးလျှင် မြန်မာငွေကျပ် တစ်သောင်းသုံးထောင့်ငါးရာ ကျပ်နှုန်းဖြင့်သာ စက်တင်ဘာလကုန်အထိ တာဝန်ယူကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဧပြီလ ၃၀ ရက်တွင် အကြောင်းကြားစာပို့မည်ဖြစ်ကြောင်း ဦးမျိုးမင်းဇော်ထံမှ သိရသည်။

လက်ရှိတွင် အင်းလေးဇုန်ဝင်ကြေး ကောက်ခံမှုကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ပြီး၊ ယင်းတင်ဒါမှ ရငွေများကို ရှမ်းပြည်နယ်နှင့် ဒေသဆိုင်ရာ ရန်ပုံငွေများအတွက် ပြန်လည်အသုံးပြုခြင်းဖြစ်ပြီး ယခုကဲ့သို့ ဒေသခံများပါဝင်သည့်ပူးပေါင်းအဖွဲ့မှ တာဝန်ယူကောက်ခံခြင်းသည် လုပ်ပိုင်ခွင့်ကို လွှဲပြောင်းယူလိုက်ခြင်းဖြစ်ကြောင်း Save The Inlay တောင်သူအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လတ်က ဆိုသည်။

“အဓိကတော့ ကောက်ခံမယ့်နှုန်းထား တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့လိုတယ်။ ကောက်ခံလို့ရတဲ့ ဇုန်ဝင်ကြေးတွေက ခရီးသွားလုပ်ငန်းက ရတာဖြစ်တဲ့အတွက် အင်းလေးဒေသရဲ့ ခရီးသွားလုပ်ငန်းတွေမှာ အဆင်ပြေအောင် အတိုင်းအတာတစ်ခုထိ အသုံးပြုတဲ့ အစီအစဉ်တွေရှိဖို့လိုတယ်။ ဒါမှ ရေရှည်တိုးတက်မှာလေ”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

အင်းလေးဒေသဖွံ့ဖြိုးရေးအတွက် အင်းလေးဇုန်ဝင်ကြေး ကောက်ခံရေးအဖွဲ့အနေနှင့် ကောက်ခံငွေများမှ ၆ ရာခိုင်နှုန်းကိုသာ ဇုန်ဝင်ကြေး ကောက်ခံမှုအတွက် ကုန်ကျစရိတ်ကို အသုံးပြုမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းရန်ပုံငွေနှင့် ဒေသခံအဖွဲ့အစည်းများအတွက် ၂ ရာခိုင်နှုန်းစီကိုလည်းကောင်း၊ ၉၀ ရာခိုင်နှုန်းအား အင်းလေးဒေသနှင့် အစိုးရအဖွဲ့သို့ လည်းကောင်း လွှဲပြောင်းရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင်း အင်းလေးဒေသသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများကို ဝင်ခွင့်ဇုန် ကောက်ခံခွင့် ကျပ် ၃၀,၀၃၃ သိန်းဖြင့် လေလံအောင်မြင်ခဲ့သည်။

အင်းလေးဒေသသို့ နှစ်စဉ်ပျမ်းမျှ ဧည့်သည် သုံးသိန်းဝန်းကျင် လည်ပတ်လေ့ရှိပြီး ယခုနှစ်တွင် ဧည့်သည်ဝင်ရောက်မှု လျော့နည်းနိုင်ကြောင်း ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက သုံးသပ်ထားသည်။

J-14



FOLLOW US