News

20-May-2018

Liverpool Soccer Ligue Nabil Fekir Lyon
အသင်းအတွက် လုပ်နိုင်စွမ်းရှိသမျှကို လုပ်ပေးခဲ့ပြီးပြီဖြစ်၍ ၎င်းကို အသင်းပြောင်းခွင့်ပေးရန် ဖာကီရာ တောင်းဆို

လိုင်ယွန်၊ မေ ၂၀

ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်း ကွင်းလယ်ကစားသမား ဖာကီရာသည် ၎င်းကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းခွင့်ပေးပါရန် လိုင်ယွန်အသင်းတာဝန်ရှိသူများကို တောင်းဆိုလိုက်ပြီဖြစ်ပြီး လက်ရှိတွင် ဖာကီရာကိုခေါ်ယူနိုင်ရန်အတွက် အခြေအနေကောင်းမွန်လျက်ရှိသည်မှာ လီဗာပူးဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်ခန့်က ဖာကီရာနှင့် လူချင်းတွေ့ဆုံကာ စကားပြောဆိုခဲ့ပြီးဖြစ်ကာ လီဗာပူးထံသို့ ဖာကီရာ ပြောင်းရွှေ့ရေးမှာ ၉၉ ရာခိုင်နှုန်း သေချာနေပြီဟုလည်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ဖာကီရာသည် လိုင်ယွန်အသင်းတာဝန်ရှိသူများကို ၎င်းအနေနှင့် အသင်းအတွက် လုပ်နိုင်စွမ်းရှိသမျှကို အစွမ်းကုန် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်၍ အသင်းပြောင်းခွင့်ကို အသာတကြည် ပေးအပ်စေလိုကြောင်း ပြောကြားထားပြီဖြစ်ပြီး လီဗာပူးမှာ ဖာကီရာကို ရရှိလိုပါက ပြောင်းရွှေ့ကြေးပမာဏကို အနိမ့်ဆုံးအဖြစ် ပေါင်သန်း ၆၀ အသုံးပြုရမည့် အခြေအနေရှိနေသည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂျူဗင်တပ်ထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခွင့်ပေးရတော့မည့် အမ်မရီကတ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ဖာကီရာကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး ဖာကီရာကို ခေါ်ယူရန် ကြိုးပမ်းရာတွင် အဆင်မပြေမှုများ ရှိလာခဲ့မည်ဆိုပါက ၎င်းအစား ဂျူဗင်တပ်ကွင်းလယ်လူ ခီဒီရာဘက်သို့ ဦးလှည့်ရန် ဂျာဂင်ကလော့ပ်က ပြင်ဆင်ထားပြီလည်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဖာကီရာက “လိုင်ယွန်အတွက် ကျွန်တော့်ဘက်က ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပေးဆပ်ခဲ့ပြီးပါပြီ။ အသင်းတာဝန်ရှိသူတွေဘက်ကလည်း ကျွန်တော့်ရဲ့အနာဂတ်အတွက် စဉ်းစားပေးစေချင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်တော်ဆုံးအချိန်ပါပဲ။ လာမယ့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာ ကျွန်တော့်အနေနဲ့ ထိပ်သီးအသင်းကြီးတစ်သင်းဆီကို ပြောင်းခွင့်ရနိုင်အောင် ကြိုးစားသွားတော့မှာပါ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US