News

POST TAGGED AS

DANI ALVES

12-May-2018

Soccer Brazil PSG Ligue Dani Alves
ကမ္ဘာ့ဖလားပြိုင်ပွဲကို အဲလ်ဗက်စ် လွဲချော်မည်

ပဲရစ်၊ မေ ၁၂

ပီအက်စ်ဂျီနောက်ခံကစားသမား အဲလ်ဗက်စ်သည် ဒဏ်ရာပြဿနာကြောင့် ရုရှားနိုင်ငံတွင် လာမည့် ဇွန်လ ၁၄ ရက်နေ့ကစ၍ ကျင်းပသွားတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အဲလ်ဗက်စ်သည် ပီအက်စ်ဂျီက လက်စ်ဟာဘီးယားစ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ဒူးဒဏ်ရာရသွားခဲ့ခြင်းဖြစ်ပြီး အစောပိုင်း၌ အဲလ်ဗက်စ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာနိုင်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်ခဲ့သေးသော်လည်း လက်ရှိတွင် ဆေးစစ်ချက်အဖြေများအရ ၎င်း၏ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ပိုမိုဆိုးရွားနေခြင်းကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်ရမည့်အခြေအနေကို အဲလ်ဗက်စ်က ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။

အဲလ်ဗက်စ်၏ဒဏ်ရာသည် သီတင်းပတ်သုံးပတ်ခန့် အနားယူဆေးကုသမှုခံယူပြီးပါက သက်သာပျောက်ကင်းမည်ဖြစ်သည့်တိုင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပွဲစဉ်များ ပါဝင်ကစားနိုင်ရန် စိတ်ချရသည့်အခြေအနေမျိုးဖြစ်လာလိမ့်မည်မဟုတ်၍ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရရန် အဲလ်ဗက်စ်က အကြောင်းဖန်သွားခဲ့ခြင်းဖြစ်သည်။

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ တီတီသည် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားမည့် ၂၃ ဦး လူစာရင်းကို မနက်ဖြန်(တနင်္လာနေ့)တွင် ထုတ်ပြန်ကြေညာတော့မည်ဖြစ်ပြီး လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၁၀၆ ပွဲ ကစားပေးခဲ့ပြီးဖြစ်သော ဝါရင့်နောက်ခံလူ အဲလ်ဗက်စ်ကို ဆုံးရှုံးလိုက်ရခြင်းမှာ အသင်းအတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်း နည်းပြတီတီက မှတ်ချက်ပေးပြောကြားသွားခဲ့သည်။




FOLLOW US