News

POST TAGGED AS

DANI ALVES

10-May-2018

Soccer PSG Ligue Dani Alves
ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် အဲလ်ဗက်စ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရဖွယ်ရှိ

ပဲရစ်၊ မေ ၁၀

ပီအက်စ်ဂျီနောက်ခံလူ အဲလ်ဗက်စ်သည် ပီအက်စ်ဂျီက လက်စ်ဟာဘီးယားစ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားပေးနိုင်ရန် မသေချာမှုများရှိလာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပီအက်စ်ဂျီအသင်းဆေးအဖွဲ့သည် အသက် ၃၅ နှစ်အရွယ်ရှိ အဲလ်ဗက်စ်၏ဒဏ်ရာကို စစ်ဆေးမှုများ အဆင့်ဆင့် ဆောင်ရွက်နေဆဲဖြစ်ပြီး လက်ရှိအခြေအနေအရ အဲလ်ဗက်စ်မှာ အနိမ့်ဆုံးအဖြစ် သီတင်းသုံးပတ် အနားယူရရန် သေချာလျက်ရှိကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ဘရာဇီးနည်းပြ တီတီသည် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားမည့် ဘရာဇီးလက်ရွေးစင်အသင်း ပဏာမလူစာရင်းကို လာမည့်တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အဲလ်ဗက်စ်မှာ ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်နေရသည့်တိုင် ပမာဏလူစာရင်းတွင်မူ ပါဝင်လာဖွယ်ရှိနေသည်။

ဘရာဇီးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ဇွန်လ ၃ ရက်နှင့် ဇွန်လ ၁၀ ရက်နေ့တို့၌ ခရိုအေးရှား၊ သြစတြီးယားတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အသင်းစုစည်းလေ့ကျင့်မှုများကိုမူ လာမည့် မေလ ၂၁ ရက်နေ့၌ စတင်သွားမည်ဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

ဘရာဇီးသည် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လာမည့် ဇွန်လ ၁၇ ရက်နေ့၌ ဆွစ်ဇာလန်နှင့် စတင်ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်အမီ အဲလ်ဗက်စ်က ကြံ့ခိုင်မှုပြည့်ဝလာနိုင်လိမ့်မည်ဟု နည်းပြ တီတီက မျှော်လင့်ထားသည်။




FOLLOW US