News

အာဆင်နယ်နည်းပြရာထူးကို စိတ်ဝင်စားခြင်း ရှိ၊ မရှိ အင်တာဗျူးတစ်ခုတွင် ဒေါ်နယ်ထရမ့် မေးမြန်းခံရ

လန်ဒန်၊ ဇန်နဝါရီ ၂၇

ရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယားစ်မော်ဂန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အင်တာဗျူးခွင့်ရသည့် အစီအစဉ်တစ်ခုတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး အနားယူသွားခဲ့ပါက ယင်းရာထူးကို ဆက်ခံ၍ အလုပ်လုပ်ရန် စိတ်ဝင်စားခြင်း ရှိ၊ မရှိ အံ့သြသင့်ဖွယ် ထည့်သွင်းမးမြန်းသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ပီးယားစ်မော်ဂန်သည် ဒေါ်နယ်ထရမ့်ကို ကျောနံပါတ် ၄၅ (အမေရိကန်ပြည်ထောင်စု၏ ၄၅ ယောက်မြောက်သမ္မတဖြစ်သည်ကို ရည်ညွှန်းခြင်းဖြစ်သည်) ရိုက်နှိပ်ထားသော အာဆင်နယ်ဂျာစီအင်္ကျီကို လက်ဆောင်အဖြစ် ပေးအပ်၍ ယင်းမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ဒေါ်နယ်ထရမ့်မှာ တောင့်တင်းခိုင်မာသောခံစစ်နံရံများကို တည်ဆောက်နိုင်စွမ်းရှိသည့်အတွက် အဆိုပါမေးခွန်းကို မေးလိုက်ခြင်းဖြစ်ပါကြောင်း ပီယားစ်မော်ဂန်က ရှင်းပြသွားခဲ့သည်။

အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင်သည် ပီးယားစ်မော်ဂန်နှင့် ဒေါ်နယ်ထရမ့်တို့၏အင်တာဗျူးဗီဒီယိုဖိုင်ကို ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာထက်တွင် ဝေမျှ၍ “စိတ်မ၀င်စားဘူးလို့ပဲ ပြောလိုက်ပါ”ဟု ခေါင်းစဉ်ရေးထိုးထားကာ ပီးယားစ်မော်ဂန်မှာ ယင်းမေးခွန်းကို နိုင်ငံရေးကိစ္စရပ်များနှင့်ဆက်နွယ်၍ သမ္မတ ဒေါ်နယ်ထရမ့်ကို အရွှတ်အနောက်သဘောမျိုး မေးမြန်းသွားခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးသည် လက်ရှိတွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိဆဲဖြစ်ပြီး ၎င်းအနေနှင့် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်ဖွယ်ရှိသည်ဟူသော သတင်းများမှာ အခြေအမြစ် မရှိကြောင်း၊ လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းအတွက် ကစားသမားသစ်များခေါ်ယူစုစည်းကာ အသစ်ပြင်ဖွဲ့စည်းမှုတစ်ရပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာစင်ဝင်းဂါးက ပြောကြားထားသည်။




FOLLOW US