News

01-Aug-2018

ဂျာမန်
ဂျာမန်လက်ယာယိမ်းအစွန်းရောက်များ ရန်သူတော်များစာရင်း ပြုစုထားကြောင်း တွေ့ရှိ


ဘာလင်၊ ဇူလိုင် ၃၁

ဂျာမနီနိုင်ငံရှိ လက်ယာယိမ်း အစွန်းရောက်အုပ်စုများသည် လူ ၂၅,၀၀၀ ကျော်၏ ဆက်သွယ်ရန် လိပ်စာအသေးစိတ်ကို ရန်သူတော်စာရင်းအဖြစ် စုဆောင်းပြုစုထားကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ဂျာမနီဘန်ဒက်စ်တက်ဂ် လွှတ်တော်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ဂျာမန်လက်ဝဲပါတီက မေးခွန်းမေးမြန်းခဲ့သောကြောင့် ဂျာမနီအစိုးရကရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (ပါတီအမည်မှာ လက်ဝဲပါတီ (Die Linke) ဖြစ်ပြီး ဒီမိုကရက်ဆိုရှယ်လစ်ဝါဒီဟု သတ်မှတ်ခံရသည့် ပါတီဖြစ်သည်)

လက်ယာယိမ်းအစွန်းရောက်များက ၎င်းတို့ ရန်သူတော်ဟု သတ်မှတ်သူများ၏ အမည်၊ ဖုန်းနံပါတ်နှင့်လိပ်စာများ အပါအဝင် အချက်အလက်များစုဆောင်းထားရှိခြင်းဖြစ်သည်။ လက်ယာယိမ်းအစွန်းရောက်အုပ်စုများ ပါဝင်ပတ်သက်နေသော ထင်ရှားသည့် အမှုများကို စုံစမ်းစစ်ဆေးရာမှ ယင်းစာရင်းကို အာဏာပိုင်များက အမှတ်မထင် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။ 

ယင်းအမှုများထဲတွင် အမျိုးသားရေး ဆိုရှယ်လစ်မြေအောက်အဖွဲ့ (NSU) နှင့်ပတ်သက်သည့်အမှုလည်း ပါဝင်သည်။ နောက်တစ်မှုမှာ ယမန်နှစ်ကဒုက္ခသည်များကို ကူညီပေးရေးမူဝါဒများ ကိုင်စွဲထားသော ထင်ရှားသည့် နိုင်ငံရေးသမားများကို နိုင်ငံရေးအရ အကြမ်းဖက်ရန် စီစဉ်ခဲ့သည့် အသက် ၂၈ နှစ်အရွယ် ဂျာမနီစစ်သားဟောင်းအမှုဖြစ်သည်။ 

ယင်းအမှုမှတစ်ဆင့် အဆိုပါ ရန်သူတော်စာရင်းကို ရှာဖွေတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ရန်သူတော်စာရင်းဆိုသောကိစ္စကို ၂၀၁၁ ခုနှစ်ကတည်းက အာဏာပိုင်များက သိရှိခဲ့သော်လည်း အချက်အလက် အပြည့်အစုံနှင့် မှတ်တမ်းမတင်ထားနိုင်ခဲ့ပေ။ ယင်းစာရင်းရှိလူ ၂၅၀၀၀ ကျော် အနက်မှ သုံးဦးသည်သာ ထိုအုပ်စုများ၏ ပစ်မှတ်ထားခြိမ်းခြောက်ခံရသည်ဟု တိုင်ကြားခဲ့ကြသည်။

လက်ဝဲပါတီမှ အမတ် မာတီနာရန်းနားက လက်ယာယိမ်း အကြမ်းဖက်ဝါဒ၏ အန္တရာယ်ကို ပြည်ထောင်စုအစိုးရက လျစ်လျူရှုထားသည်ဟု ဝေဖန်ခဲ့သည်။

စာရင်းတွင် ထည့်သွင်းခံရသော သောင်းနှင့်ချီသည့် လူများကိုအာဏာပိုင်များက အသိပေးအကြောင်းကြားခြင်း မရှိသည့်အတွက်လည်း လုံးဝစိတ်ပျက်မိကြောင်း ရန်းနားက ပြောကြားခဲ့သည်။

“ဒီလိုစာရင်းမျိုးထဲမှာ ပါဝင်ပြီး လုံးဝ အမှောင်ချအသိပေးမခံရတဲ့အခြေအနေမျိုးကို စဉ်းစားကြည့်စမ်းပါ” ဟု ဂျန်းနားက မှတ်ချက်ပေးခဲ့ပြီး ယင်းအချက်အလက်များကို ဗဟိုအချက်အလက်ထိန်းချုပ်စနစ်တွင်ထားရှိပြီး ကိုင်တွယ်သင့်ကြောင်း သုံးသပ်ခဲ့သည်။

ဂျာမနီပြည်ထဲရေးဝန်ကြီးဌာန၏ စစ်တမ်းအရ ၂၀၁၇ တွင် လက်ယာယိမ်း အစွန်းရောက်အကြမ်းဖက်မှုများ လျော့ကျလာသော်လည်း လက်ယာယိမ်းအစွန်းရောက်အုပ်စုများသို့ ဝင်ရောက်သူဦးရေ တိုးမြင့်လာကြောင်းသိရသည်။

F-03



FOLLOW US