News

POST TAGGED AS

နျူးကလီးယား

အမေရိကန်တို့သည် နျူလက်နက်ဖြုတ်သိမ်းရေးကို ဂိုဏ်းစတားဆန်ဆန် ဗျူဟာဖြင့် ဖိအားပေးလျက်ရှိဟု မြောက်ကိုရီးယားဝေဖန်


ပြုံယမ်း၊ ဇူလိုင် ၈

နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စတွင် အမေရိကန်ပြည်ထောင်စုသည် ဂိုဏ်းစတားဆန်ဆန် နည်းဗျူဟာများကို အသုံးပြုပြီး တစ်ဖက်သတ်တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြထားသည်။ 

DW သတင်းဌာန၏ ဖော်ပြချက်တွင် မြောက်ကိုရီးယားက အမေရိကန်အစိုးရသည် နျူကလီးယားလက်နက် ဖြုတ်သိမ်းရန် တစ်ဖက်သတ်ဖိအားပေးလျက်ရှိသည်ဟု ဆိုထားပြီး BBC သတင်းဌာန၏ ဖော်ပြချက်တွင်မူ အမေရိကန်အစိုးရကို ဂိုဏ်းစတားဆန်သော (လူမိုက်ဆန်သော) ဗျူဟာများသုံးပြီး လက်နက်ဖြုတ်သိမ်းရန် တွန်းအားပေးနေသည်ဟု မြောက်ကိုရီးယားက စွပ်စွဲကြောင်းဆိုထားသည်။ 

တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် အမေရိကန်ပြည်ထောင်စု၏ သဘောထားသည် အလွန်အမင်းဒုက္ခပေးလျက်ရှိသည်ဟု မြောက်ကိုရီးယားက ဆိုသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် မြို့တော်ပြုံယမ်းသို့သွားရောက်ပြီး မြောက်ကိုရီးယားအစိုးရ အရာရှိကြီးများနှင့်တွေ့ဆုံကာ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးကိစ္စကို နှစ်ရက်တာမျှ ဆွေးနွေးခဲ့သည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးပွဲပြီးနောက် မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ထင်မြင်သုံးသပ်ချက်နှင့် မိုက်ပွန်ပီယိုတို့၏ သုံးသပ်ချက်တို့မှာ မတူညီဘဲဖြစ်လျက်ရှိသည်။ 

မြောက်ကိုရီးယားအရာရှိကြီးက တစ်ဖက်သတ်ဖိအားပေးနေသည်ဟု ဆိုခဲ့သော်လည်း မိုက်ပွန်ပီယိုက တွေ့ဆုံဆွေးနွေးမှုများမှာ ရလဒ်ကောင်းများကို ဖြစ်ထွန်းစေသည်ဟုဆိုသည်။ DW သတင်းဌာန၏ ဖော်ပြချက်အရ ယင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ အနုတ်လက္ခဏာဆောင်သော သုံးသပ်ချက်ပေးသူမှာ မြောက်ကိုရီးယားအရာရှိ ကင်ယောင်ချွားဆိုသူဖြစ်သည်။ 

“သောကြာနဲ့ စနေနေ့ကလုပ်သွားတဲ့ အဆင့်မြင့်အရာရှိကြီးတွေ တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားနဲ့ ရပ်တည်မှုဟာ အင်မတန် စိတ်မကောင်းဖြစ်စရာ ကောင်းလွန်းပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပါအရာရှိ၏ ထုတ်ဖော်သုံးသပ်ချက်ကို တောင်ကိုရီးယား Yonhap သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထို့ပြင် မိုက်ပွန်ပီယိုနှင့်ပြုလုပ်သော ဆွေးနွေးပွဲအပေါ် အလွန်အမင်းစိတ်ပူပန်မိကြောင်း၊ အကြောင်းမှာ ယင်းဆွေးနွေးပွဲများကြောင့် နျူကလီးယားလက်နက်ဖြုတ်သိမ်းမည်ဟု အခိုင်အမာထားရှိခဲ့သော မိမိတို့ မြောက်ကိုရီးယားနိုင်ငံ၏ ဆန္ဒသဘောထားကို ထိခိုက်ပျက်ပြားစေနိုင်သည့် အနေအထားသို့ ရောက်ရှိသွားစေသောကြောင့်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုကမူ ဆွေးနွေးပွဲများကို သဘောရိုးဖြင့်လုပ်ဆောင်ခဲ့ပြီး အကျိုးဖြစ်ထွန်းမှုရှိခဲ့ကြောင်း၊ အချို့သောနယ်ပယ်များတွင် နားလည်သဘောတူညီမှုများရှိခဲ့ကြောင်း ပြောကြားသည်။ သို့သော် ၎င်းက နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံလိုအပ်မည်ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ 

ထို့ပြင် အမေရိကန်နှင့် မြောက်ကိုရီးယားအရာရှိကြီးများသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် တောင်-မြောက်ကိုရီးယား နယ်စပ်ဒေသ၌ တွေ့ဆုံဦးမည်ဖြစ်သည်ဟု ကြေညာသည်။  

F-01



FOLLOW US