News

POST TAGGED AS

နိုင်ငံ့ဝန်ထမ်း

နိုင်ငံ့ဝန်ထမ်းများ၏ တိုးမြှင့်လစာနှုန်းထားသစ် ယခုလကုန် စရမည်
ရန်ကုန်၊ ဧပြီ ၂၉

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ယခုဧပြီလကုန် လစာမှစတင်၍ သတ်မှတ်နှုန်းထားများအတိုင်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က The Voice Daily သတင်းစာသို့ အတည်ပြုပြောကြားသည်။

“ဧပြီလထဲမှာ လစာတိုးပေးဖို့ကို ပြည်ထောင်စုအစိုးရ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ မနက်ဖြန် (ဧပြီလ ၃၀ ရက်) ပေးမယ့် လစာထဲမှာ တိုးမြှင့်ထားတဲ့ နှုန်းထားအတိုင်း ပါလာမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကို ယခုဧပြီလမှစတင်၍ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လက်မှတ်ရေးထိုး၍ ဧပြီလ ၂၉ ရက်နေ့၌ တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ လစာတိုးခြင်းမှာ လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် လစာတိုးခြင်းလည်းဖြစ်သည်။

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ကလည်း မြန်မာနှစ်သစ်ကူးမိန့်ခွန်းတွင် ဝန်ထမ်းများကို လစာတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုလစာတိုးမြှင့်သည့် နှုန်းထားမှာ အမှုထမ်းများကို ၂၀ ရာခိုင်နှုန်းဖြစ်ပြီး အရာထမ်းများမှာ ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ လစာများ တိုးမြင့်သွားသော်လည်း နှစ်တိုးများကို လက်ရှိလစာနှုန်းအရ သတ်မှတ်ထားသည့် ကာလအတိုင်း ဆက်လက်ခံစားခွင့်ပြုရန်နှင့် နှစ်တိုးကျရောက်သည့်နေ့များ ပြောင်းလဲခြင်း မရှိစေရဟူ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ဒေသစရိတ်ခံစားခွင့်နှင့်ပတ်သက်၍ တိုးမြှင့်သည့် လစာနှုန်းထားနှင့်အညီ ခံစားခွင့်ပြုရန်နှင့် တပ်မတော်သားများအတွက်မူ သတ်မှတ်ထားသော စရိတ်နှင့် လစာ၊ အငြိမ်းစားလစာ၊ ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့တင်ပြ၍ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းအမိန့်ကြော်ငြာစာအရ သိရသည်။

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် အခြားအလား တူဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ် လက်ရှိလစာနှုန်းများအတိုင်း နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် တာဝန်ထမ်းဆောင်မှသာ လစာနှုန်းအသစ်ကို ခံစားရမည်ဖြစ်သည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနအဖွဲ့အစည်းများတွင် ခန့်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းတို့နှင့် ပတ်သက်၍ သုံးသပ်တွက်ချက်ပြီး သီးခြားထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

တိုးမြှင့်လိုက်သော လစာနှုန်းထားများအရ အမြင့်ဆုံးလစာနှုန်းထားမှာ ကျပ် ၅၅၀,ဝ၀၀ ဖြစ်ပြီး အနိမ့်ဆုံးမှာ ကျပ် ၁၄၄,ဝ၀၀ ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

လစာတိုးသည့် သတင်းများနှင့်အတူ ဆန်ဈေးများတက်သည့်နည်းတူ စက်သုံးဆီဈေးနှုန်းများလည်း ဧပြီလအတွင်း မြင့်တက်လာခဲ့သည်။

ယခုကဲ့သို့ လစာတိုးမြင့်ခြင်းနှင့်ပတ်သက်၍ “တိုးတဲ့လစာက ဆန်တစ်အိတ်ဖိုးတောင်မရှိဘူး။ ကုန်ဈေးနှုန်းက နေ့တိုင်းတက်နေတာ”ဟု ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

သို့သော် အချို့သော ပညာရေးဝန်ထမ်းများမှာ ကတ်စနစ်ဖြင့် လစာထုတ်ယူကြသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းကပင် ယခင်လစာနှုန်းထားဟောင်းများအတိုင်း လစာရရှိထားပြီးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လစာတိုးသော်လည်း အောက်ခြေဝန်ထမ်းအများစုမှာ ကျပ်တစ်သိန်းကျော်သာ ရသည့်အတွက် ပြင်ပ၌ဖြစ်နေသည့် အသုံးစရိတ်ကိုမူ မကာမိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အငယ်တန်းစာရေးတစ်ဦးက ပြောဆိုသည်။

“အဓိကက ဝန်ထမ်းအိမ်ရာတွေ လုပ်ပေးရမယ်။ အပြောင်းအရွှေ့ဆိုရင် အိမ်ရာကခက်ခဲတယ်။ သူတို့ပြောပြောနေတဲ့ အာဆီယံလစာကိုတော့ ရချင်တယ်။ ဘာပဲဖြစ်ဖြစ် မတိုးတာထက်စာရင် တော်သေးတယ်လို့ ပြောရမှာပေါ့”ဟု ၎င်းက ဆိုသည်။

J-13



FOLLOW US