News

POST TAGGED AS

ကြိုးတံတား

မြောင်းမြကြိုးတံတား ပြုတ်ကျခဲ့မှုနှင့် မော်ကွန်းတိုက် ဦးစီးဌာန
သက်တမ်း နှစ်ဆယ့်တစ်နှစ်ကြာပြီဖြစ်တဲ့ မြောင်းမြကြိုးတံတားကြီးဟာ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ ပြုတ်ကျခဲ့ပါတယ်။ လူ ၂ ဦးလည်း သေသွားခဲ့ပါတယ်။ ဒီတံတားနဲ့ပတ်သက်လို့ အန္တရာယ်ရှိကြောင်း ယခင်ကတည်းက သိခဲ့ရတယ်လို့ ဆိုပါတယ်။ တံတားဟောင်းနားမှာ တံတားအသစ် ဆောက်ဆဲလို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်မှာ ဘယ်သူက တာဝန်ရှိသလဲဆိုတာ ဖော်ထုတ်ရပါမယ်။ ဘယ်နေရာမှာ မှားခဲ့တယ်ဆိုတာလဲ သိဖို့လိုပါတယ်။ တာဝန်ရှိသူတစ်ဦးဦးကို ဖော်ထုတ်တာနဲ့အပြစ်ပေးတယ်ဆိုတာက တစ်ကဏ္ဍစီဖြစ်ပါတယ်။ အပြစ်ပေးသင့်၊ မပေးသင့်ဆိုတာကတော့ အကြောင်းတရားတွေ အများကြီးရှိပါတယ်။ အဓိကကတော့ ဘာကြောင့် ဖြစ်ခဲ့ရသလဲဆိုတာ ဖော်ထုတ်ဖို့ပါ။ 

စာရေးသူဟာ စီမံ/စီးပွားဝန်ကြီးဌာနမှာ ၂၀၁၂ ခုနှစ်အကုန်ကနေ ၂၀၁၅ ခုနှစ်အထိ ၁၃ နှစ်ကြာ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှာ ၉ နှစ် ကြာခဲ့ပါတယ်။ တရုတ်အပါအဝင် နိုင်ငံ ၅ နိုင်ငံလောက်ရဲ့ မော်ကွန်းတိုက်တွေကို လေ့လာခဲ့ဖူးပါတယ်။ တရုတ်မှာ သင်တန်းတိုလေးပါ တက်ခဲ့ရပါတယ်။ 

တရုတ်ပြည်ရဲ့ မော်ကွန်းတိုက်လုပ်ငန်းဟာ အလွန်တိုးတက်နေတာ တွေ့ရပါတယ်။ တရုတ်ပြည်ရဲ့နိုင်ငံရေးမှာ တစ်ပါတီအာဏာရှင် ဆိုပေမယ့် ပါတီတွင်းဒီမိုကရေစီဟာ အတိုင်းအတာတစ်ခုအထိ ရှင်သန်ကြီးထွားလျက်ရှိပါတယ်။ အဲဒါကြောင့် တရုတ်ပြည်မှာ အစိုးရနဲ့တကွ ကုမ္ပဏီကြီးအားလုံးနီးပါးဟာ အများပြည်သူနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေကို ဆောက်တဲ့အခါ အဆောက်အအုံရဲ့ ဒီဇိုင်း၊ အစည်းအဝေး မှတ်တမ်းတွေအားလုံးကို သက်ဆိုင်ရာမော်ကွန်းတိုက်တွေဆီ ပို့ပေးရပါတယ်။ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် စုံစမ်းစစ်ဆေးရေးလုပ်တဲ့အခါ မော်ကွန်းတိုက်က အထောက်အထားတွေဟာ အရေးပါလာပါတယ်။ တိုင်းပြည်ကကြီး၊ လူဦးရေကလည်းများဆိုတော့ မော်ကွန်းတိုက်တွေကလည်း ပီကင်းမှာရှိတဲ့ ဗဟိုအစိုးရရဲ့ စာရွက်စာတမ်း အထောက်အထားကို သိမ်းတဲ့အမျိုးသားမော်ကွန်းတိုက်ကနေ ပြည်နယ်အစိုးရ၊ မြို့နယ်အဆင့်အထိ ရှိကြပါတယ်။ ပုဂ္ဂလိကပိုင်ဖြစ်စေ၊ အစိုးရပိုင်ဖြစ်စေ အဆောက်အအုံအကြီးကြီး၊ တံတားအကြီးကြီး၊ ဆည်မြောင်းတာတမံ အစရှိသဖြင့် ဆောက်လုပ်သမျှ စီမံကိန်းအကြီးကြီးတွေဟာ မော်ကွန်းတိုက်ကို သူတို့ရဲ့ အထောက်အထားတွေ၊ အင်ဂျင်နီယာဒီဇိုင်းတွေ၊ အစည်းအဝေးမှတ်တမ်းတွေအပါ အားလုံးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာရော ဒီလိုမှတ်တမ်းတွေကို မော်ကွန်းတိုက်တွေမှာ သိမ်းပါရဲ့လားလို့ မေးနိုင်ပါတယ်။ ဒီမိုကရေစီဆိုရာမှာ ပါတီတွင်းဒီမိုကရေစီရှိတဲ့ တရုတ်ပြည်ကြီးမှာတောင် ထွန်းကားရှင်သန်တဲ့ မော်ကွန်းတိုက်ရှိရင် မြန်မာပြည်က မော်ကွန်းတိုက်ကရော ဘယ်လိုပေါ်လာသလဲဆိုတာ သိချင်ကြမှာပါ။ အတိုချုပ်ပြောရရင် မော်ကွန်းတိုက်ဆိုသည်မှာ Archives ဆိုတဲ့စကားလုံးဟာ ပြင်သစ်ကလာတာပါ။ အင်္ဂလိပ်မှာ မရှိခဲ့ပါ။ ဒါကြောင့် အင်္ဂလိပ်အစိုးရဟာ ရှေးတုန်းက အစိုးရမှတ်တမ်းတွေကို မြန်မာနိုင်ငံအတွင်းဝန်များရုံးစာကြည့်တိုက်မှာ သိမ်းပါတယ်။ သက်ဆိုင်ရာဌာနအလိုက် မှတ်တမ်းခန်းနဲ့သိမ်းခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ အာဏာစသိမ်းတဲ့အထိ မော်ကွန်းတိုက် မရှိပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရေးဆွဲရာမှာ အဓိကပါဝင်ခဲ့တဲ့ ဦးဘညိမ်ဟာ တကယ်တော့ အိန္ဒိယဘားမား ပဋိညာဉ်ခံဝန်ထမ်းဟောင်း (ICS၊ BCS) တစ်ဦးပါ။ 

တော်လှန်ရေးကောင်စီရဲ့ စနစ်သစ်အုပ်ချုပ်ရေး ရေးဆွဲတဲ့အခါ ဦးဘညိမ်ကြောင့် ၁၉၆၈ ခုနှစ်ကစပြီး အမျိုးသားမော်ကွန်းတိုက် (National Archives) ဆိုတာ ဖြစ်ပေါ်လာပါတယ်။ ၁၉၉၀ မှာ မော်ကွန်းတိုက်ဥပဒေ ပေါ်လာပါတယ်။ မော်ကွန်းတိုက်ဟာ အစိုးရတစ်ခုရဲ့ လက္ခဏာဖြစ်ပါတယ်။ ပြည်သူတွေအတွက် မဟုတ်ခဲ့ပါဘူး။ ဒါကြောင့်မို့ မော်ကွန်းတိုက်ဟာ အများပြည်သူတွေ သိကျွမ်းတဲ့နေရာ မဟုတ်ခဲ့ပါဘူး။ မော်ကွန်းတိုက်မှာ စာဖတ်ဖို့ဆိုတာဟာ ဦးနေဝင်းရဲ့ အသိုင်းအဝိုင်းနဲ့ ရင်းနှီးဖို့တောင် လိုခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရလက်ထက်မှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က အထူးစိတ်ဝင်စားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အမျိုးသားမော်ကွန်း မူဝါဒကော်မတီကို ဦးဆောင်ခဲ့ပါတယ်။ မော်ကွန်းများ၊ မှတ်တမ်းများကို စတင်စုဆောင်းတဲ့နေရာမှာ ကိုလိုနီခေတ်မှတ်တမ်းများသာရရှိခဲ့ပြီး အခြားမှတ်တမ်းများ ရရှိမှုနည်းခဲ့ပါတယ်။ ဒါပေမဲ့ UNDP ရဲ့ အကူအညီနဲ့ စက်ကိရိယာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာအကူအညီရခဲ့ပါတယ်။ စာရေးသူတာဝန်ယူတဲ့ ၂၀၀၂ ခုနှစ် အကုန်ကစပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့အကူအညီနဲ့ အစိုးရအဖွဲ့မှတ်တမ်းများကို ၄ လခန့် ဝန်ထမ်းအားလုံး၏အကူအညီကို အသုံးပြုကာ သယ်ယူခဲ့ပြီး မှတ်တမ်းစဉ် ဆောင်ရွက်မှုဟာ လေးနှစ်ခန့်ကြာမှ ပြီးစီးခဲ့ပါတယ်။ 

ပထမအကြိမ်လွှတ်တော်ခေတ်၊ ဗိုလ်ရှုခံစင်မြင့်၊ ပြည်တော်သာ ရန်ပုံငွေ (မြို့နယ်အလိုက်)၊ ယခုလွှတ်တော်ကိုယ်စားလှယ်များ ဦးစီးသော ဖွံ့ဖြိုးရေးရန်ပုံငွေ၊ အမြဲတမ်းအတွင်းဝန် ခန့်ထားရေးကိစ္စ၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုကို စတင်ပိတ်ပင်တဲ့ ၁၈၆၀ ဝန်းကျင်က အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီ (Memonandum of Governor General) ရဲ့ လက်ဆောင်တန်ဖိုးကို ကန့်သတ်တဲ့စာလည်း ပါဝင်ခဲ့ပါတယ်။ သမိုင်းဝင်အထောက်အထားပါ မြန်မာနယ်နိမိတ် သတ်မှတ်တဲ့ စာချုပ်တွေလည်း ပါပါတယ်။ မှတ်တမ်းတွေလိုက်သိမ်းတဲ့အခါ ဝန်ကြီးဌာနထဲမှာတော့ ပို့ဆောင်ရေးက အပြည့်အစုံရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ ပျက်စီးတာများပြီး ဌာနအတော်များများက ဆိုရှယ်လစ်ခေတ်မှာ သတင်းစာစက္ကူအဖြစ် ပျော့ဖတ်လုပ်ခဲ့ကြလို့ သမိုင်းဝင်မှတ်တမ်းတွေ ဆုံးရှုံးရကြောင်း တွေ့ရှိရပါတယ်။ ပြည်သူ့ဆောက်လုပ်ရေးက ဦးဆောင်ညွှန်ကြားရေးမှူးကြီး ဦးနေစိုးနိုင်ကတော့ ရသမျှအထောက်အထားတိုင်းကို ကိုယ်တိုင်လက်မှတ်ထိုးပြီး ပို့ပါတယ်။ နာမည်ပျက်မရှိသော ဝန်ထမ်းကောင်းကြီးဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းက သိပ်ပြီးမပေးချင်ဘူး။ အဆိုးဆုံးက ဆည်မြောင်းပါ။ ပေးပို့စရာ မရှိဘူးလို့ တာဝန်မဲ့ဖြေပါတယ်။ ဒါဆိုရင် နှောင်းခေတ်သုတေသီတွေက ဒီဆည်တွေကို ပုဂ္ဂလိကဆောက်တယ်လို့ အမှတ်မှားနိုင်ပါတယ်လို့ စာရေးသူက တရားဝင်စာရေးပြောသော်လည်း ဆည်မြောင်းဦးစီးက ဂရုမစိုက်ခဲ့ပါ။ တရားရုံးချုပ်မှာတော့ ဂဠုန်ဦးစောအမှုတွဲကြီး ပျောက်နေပါတယ်။ ဒေါက်တာမောင်မောင်ယူသွားပြီး လက်စပျောက်သွားပါတယ်။ သက်သေခံချက်တွေရဲ့ သဲလွန်စတွေ ပျောက်သွားခဲ့ပါပြီ။ ဒါတွေဟာ ဘာကိုပြနေ သလဲဆိုရင် ပွင့်လင်းမြင်သာမှုမရှိခြင်းပါပဲ။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ရဲ့ မှတ်တမ်းတွေကို အမျိုးသားမော်ကွန်းတိုက်ရှိ ဝန်ထမ်းတွေက သိမ်းပြီး တပ်မတော်မော်ကွန်းတိုက်ကို ပို့ရပါတယ်။ စာရေးသူညွှန်ချုပ်ဖြစ်တော့ တပ်မတော်မော်ကွန်းတိုက်မှူးကို သတိပေးခဲ့ပါတယ်။ သူလည်း သေသေချာချာထိန်းသိမ်းလိုက်ပါတယ်။ ဒါပေမဲ့ ဥပဒေအရ ဒါတွေဟာ အမျိုးသားမော်ကွန်းတိုက်မှာ ထားရမှာပါ။ သမ္မတဦးသိန်းစိန်လက်ထက် စာရေးသူ သတင်းပို့လို့ ဝန်ကြီးက ရုံးစာထွက်ကို တောင်းပါတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ ဒါတွေ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ရဲ့ မှတ်တမ်းများ) ကိုသာ ရခဲ့ရင် ၁၉၇၄ ခုနှစ် က ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်း ကျော်မြင့်တို့ကို ဘယ်လိုဆုံးဖြတ်ချက်နဲ့ သေဒဏ်စီရင်ချက်ကို အကောင်အထည်ဖော်ခဲ့သလဲဆိုတာ သမိုင်းမှာ ဖော်ထုတ်လာနိုင်မှာဖြစ်ပါတယ်။ သမိုင်းသင်ခန်းစာအတွက်သာ ရည်ရွယ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မှမရှိပါဘူး။ 

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် မှတ်တမ်းတွေကို စာရေးသူအနေနှင့် ၂၀၁၀ ဝန်းကျင်လောက်က တောင်းခဲ့ပါတယ်။ အာဏာလွှဲပြီးရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမျိုးသားမော်ကွန်းတိုက် ကိုလွှဲဖို့ပြောခဲ့တယ်လို့လည်း သိရပါတယ်။ တည်ဆဲဥပဒေအရ ၁၉၈၈ မှ ၂၀၁၁ အထိကာလဟာ တပ်မတော်နဲ့ဆိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါဆိုရင်လည်း တပ်မတော်မော်ကွန်းတိုက်ကို ပို့ရမှာဖြစ်ပါတယ်။ ယခု လွှတ်တော်မှာရှိတယ်လို့လည်း ကြားခဲ့ပါတယ်။ တကယ်ရောရှိသေးရဲ့လားဆိုတာ မသိရပါ။ တပ်မတော်မော်ကွန်းတိုက်နဲ့ အမျိုးသားမော်ကွန်းတိုက်အကြား သူလိုလို ငါလိုလိုနဲ့ ပျောက်မှာစိုးရပါတယ်။ 

အဆိုးဆုံးဖြစ်ရပ်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅၄ ကို အခုထိ မဆောင်ရွက်သေးတာပါ။ အဲဒီပုဒ်မကတော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ မြန်မာစာမူတစ်ခုကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနကို ပေးပို့ရမည်။ သက်သေအရာတည်ရမည်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ် စာရေးသူ အငြိမ်းစားယူချိန်အထိ အစိုးရအနေနဲ့ မပို့ခဲ့ပါ။ ကိုယ့်ဘာသာကိုယ်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် ဝယ်ထားခဲ့ရပါတယ်။ တပ်မတော်အစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရတွေလက်ထက်မှာ မော်ကွန်းတိုက်ရဲ့ ညွှန်ချုပ်တွေဟာ စာရေးသူအပါအဝင် မိုးကျရွှေကိုယ်ကေဒါတွေပါ။ ဒါပေမဲ့အားလုံးက စာရေးသူလို တက္ကသိုလ်တစ်ခုခုက သမိုင်းနဲ့မဟာဝိဇ္ဇာဘွဲ့ အနည်းဆုံးရခဲ့သူတွေပါ။ အရပ်သားထဲကဆိုရင်လည်း အမေရိကန်နိုင်ငံ ဂျော့ခ်ျတောင်းတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး Ph.D စသည်တို့ဖြစ်ပါတယ်။ ပညာတော်တဲ့ B.C.S  ဦးပေါ်သိမ်း (ပြည်ထဲရေးဝန်ကြီး) စသည်တို့ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ အခြားသောဌာနတွေက မထားလိုတဲ့ဝန်ထမ်းကြီးတွေကို မဲဇာအဖြစ် မော်ကွန်းတိုက်ကိုပို့ခဲ့ပါတယ်။ အလေးမထားခဲ့ပါဘူး။ ပညာရှင်စစ်ဗိုလ် မိုးကျရွှေကိုယ်တွေအစား အရပ်သားထဲက မကောင်းကျောင်းပို့ခံရတဲ့ အာကာသကကျတဲ့ ရွှေကိုယ်တွေပါ။ မြန်မာနိုင်ငံတစ်ခုလုံးမှာ မော်ကွန်းပညာ မဟာဘွဲ့ရသူဆိုတာ တစ်ဦးမှမရှိသေးပါ။ ယဉ်ကျေးမှုပြတိုက်ကိုသာ တန်ဖိုးရှိတယ်ထင်ပြီး မြန်မာဘုရင်ခေတ်က မှတ်တမ်းသိမ်း ဗြဲတိုက်တော်ဖြစ်တဲ့ မော်ကွန်းတိုက်ကို ပြီးခဲ့တဲ့အရပ်ဘက်အစိုးရခေါင်းဆောင်တွေ တန်ဖိုးထားရကောင်းမှန်း မသိခဲ့ပါ။ ဒီမိုကရေစီ (ပါလီမန် ဒီမိုကရေစီဖြစ်စေ၊ ပါတီတွင်းဒီမိုကရေစီဖြစ်စေ) ပွင့်လင်းမြင်သာမှုနဲ့ အစစ်ဆေးခံနိုင်မှုတို့ဟာ မော်ကွန်းတိုက်ရဲ့ တိုးတက်မှုနဲ့ အချိုးညီနေပါတယ်။ 

နိုင်ငံတစ်ခုချမ်းသာရင် အားကစားဟာ တိုးတက်တဲ့ရေချိန်ဆိုပါက မော်ကွန်းတိုက်ကလည်း နိုင်ငံရေးရေချိန်ဖြစ်ပါတယ်။ နိုင်ငံတစ်ခုမှာ မှတ်တမ်းမှတ်ရာအလေးထားမှုနဲ့ သုတေသနပြု သင်ခန်းစာယူခဲ့မယ်ဆိုရင် မြန်မာဟာ အင်္ဂလိပ်နှင့် စစ်သုံးကြိမ်ဖြစ်ပြီးမှ ကျွန်လုံးလုံးဖြစ်ရတာမျိုး၊ အာဏာရှင်တွေ ထပ်တလဲလဲ (အသွင်အမျိုးမျိုးနှင့်) လွှမ်းမိုးခံရတာမျိုး ရှိမယ်မဟုတ်ပါ။ တိုင်းပြည်မှာ ရေကာတာတွေ၊ အမြန်လမ်းမကြီးတွေ၊ တံတားကြီးတွေ၊ အထပ်မြင့်အဆောက်အအုံကြီးတွေ များလာတာနှင့်အမျှ မော်ကွန်းတိုက်မှာ မှတ်တမ်းများကို ပိုမိုထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ မော်ကွန်းတိုက်ဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ စာရေးသူရဲ့ ကြိုးပမ်းမှုနှင့် မော်ကွန်းတိုက်ဥပဒေပြင်ဆင်ချက် ၂/၂၀၀၇ ဥပဒေ ပေါ်ခဲ့ပါတယ်။ ၂၀၁၄ ကတည်းက စာရေးသူမူကြမ်းရေးပေးခဲ့တဲ့ မော်ကွန်းဥပဒေအသစ်ကတော့ ၂၀၁၈ အထိ မထွက်သေးပါဘူး။ မော်ကွန်းတိုက်ကောင်းပါမှ အနာဂတ်မှာ အခြေခံအဆောက်အဦတွေကို ပေါ့ပေါ့ဆဆ မလုပ်ရဲမှာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အစိုးရအနေနဲ့ နောင်မှာ မြောင်းမြတံတားလိုအဖြစ်ဆိုး မကြုံရအောင် ယခုကတည်းကစပြီး မော်ကွန်းဥပဒေကို သေသေချာချာရေးဖို့လည်း လိုပါတယ်။ တကယ်တတ်ကျွမ်းသူတွေကို တကယ်တာဝန်ပေးရပါမယ်။ ဒီမိုကရေစီရဲ့လက္ခဏာတစ်ရပ်ဖြစ်တဲ့ မော်ကွန်းတိုက်ကို ပြည်သူတွေ အသုံးပြုလာနိုင်အောင် လျှို့ဝှက်ချက်သက်တမ်းကအစ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဖြစ်စေဖို့ အာရုံစိုက်သင့်ကြောင်း တင်ပြအပ်ပါတယ်။ 

ဒေါက်တာအောင်မျိုး



FOLLOW US