News

POST TAGGED AS

ကြိုးတံတား

မြောင်းမြတံတားအနီး ကားကူးဇက် စဆွဲ


ပုသိမ်၊ ဧပြီ ၃

ဧရာဝတီတိုင်း မြောင်းမြကြိုးတံတား ပြတ်ကျမှုကြောင့် မြောင်းမြမြို့တွင်း ပိတ်မိနေသော ကိုယ်ပိုင်ယာဉ်ငယ်များကို ယနေ့မှစ၍ ဇက်ဖြင့်မြစ်ကူးကာ တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

“ရေပြည့်ချိန်ဖြစ်တဲ့ မနက် ၄ နာရီကနေ ၆ နာရီအထိ ဇက်ကူးပေးသွားမှာပါ၊ အခမဲ့ပါ၊ နေ့တိုင်း မနက်ပိုင်း ရေပြည့်ချိန်မှာ ကူးပေးဖို့ စီစဉ်ထားပါတယ်”ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ပိတ်မိနေသော အိမ်စီးကားများကို ဇက်ကူးပေးမည်ဆို၍ ဝမ်းသာကြောင်း၊ မြောင်းမြမြို့တစ်မြို့တည်းတွင်ပင် အစီး ၅၀ ခန့် ရှိနိုင်ပြီး လပွတ္တာနှင့် အခြားဒေသများတွင်လည်း ရှိနေနိုင်ကြောင်း၊ အထူးသဖြင့် တရုတ်လူမျိုးများ၏ ရိုးရာဖြစ်သော သင်္ချိုင်းကန်တော့ပွဲ လာရောက်ကြသည့် အိမ်စီးကားများလည်းရှိနေကြောင်း မြောင်းမြမြို့ ပရဟိတအဖွဲ့ဝင် ကိုပိုင်ပိုင်က ပြောသည်။

ဧပြီ ၁ ရက် နံနက်အစောပိုင်းက ပြတ်ကျခဲ့သော မြောင်းမြကြိုးတံတားကြောင့် မြောင်းမြမြို့နှင့် အခြားဒေသများတွင် ပိတ်မိနေသော အိမ်စီးကားများကို ဧပြီ ၄ ရက် နံနက်ပိုင်း ရေပြည့်ချိန်တွင် ကြိုးတံတားခြေရင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဇက်ဆိပ်တွင် ဇက်ကူးပေးမည်ဖြစ်ကြောင်း၊ မြောင်းမြမြို့ဘက်သို့ ပြန်လည်ဝင်ရောက်မည့် အိမ်စီးကားများကိုလည်း ဇက်ကူးပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

အခြားယာဉ်များဖြစ်သော ခရီးသည်တင်ကားများနှင့် ကုန်ကားများ မြစ်ဖြတ်ကူးနိုင်ရေးအတွက် ဇက်ဆိပ် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ရန်ကုန်မှ ဇက်ရေယာဉ်များ ရောက်ရှိလာသည့်အခါတွင် ဇက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

R-11



FOLLOW US