News

POST TAGGED AS

မြိတ်

04-Aug-2018

မြိတ်
အမိုးနီးယားဓာတ်ငွေ့ရှူမိပြီး အအေးခန်းအလုပ်သမား ခြောက်ဦး ဆေးရုံရောက်
မြိတ်၊ ဩဂုတ် ၎

မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုန်အတွင်းရှိ အဆောင်ကောင်း အက်ဒမန်ကုမ္ပဏီ၌ ဩဂုတ်လ ၃ ရက် ည ၁၁ နာရီ အချိန်က အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် အအေးခန်းအတွင်း အလုပ်လုပ်နေသည့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသားတစ်ဦး သတိလစ် မူးဝေအော့အန်ကာ ဆေးရုံသို့ အရေးပေါ်တက်ရောက်ကုသ ခဲ့ရသည်ဟု အလုပ်သမားများနှင့် မြိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ဆေးရုံသို့ အရေးပေါ်တက်ရောက် ကုသသည့် လူနာ ၆ ဦးအနက် ၄ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ပြန်ဆင်းသွားပြီဖြစ်ကာ လက်ရှိ အမျိုးသမီး ၂ ဦး မှာ ဆေးရုံတွင် ကုသခံနေရဆဲဖြစ်သည်ဟု တာဝန်ကျဆရာဝန်က ပြောကြားသည်။

“စိုးရိမ်ရတဲ့အနေအထားတော့ မရှိတော့ဘူး”ဟု ၎င်းကဆိုသည်။

ယင်းကုမ္ပဏီ၌ အလုပ်သမား ၁၈၀၀ ခန့်ရှိပြီး ဓာတ်ငွေ့ယိုစိမ့်ခဲ့သည့် ကဏန်းပျော့ အအေးခန်း၌ အလုပ်သမား ၁၀၀ ခန့် နေ့ဆိုင်း ညဆိုင်းဖြင့် လုပ်ကိုင်နေကြောင်း အလုပ်သမားများက ပြောကြားသည်။

“သက်သာလာပေမယ့် မူးဝေပြီး အားနည်းသလို ခံစားနေရသေးတယ်”ဟု ဆေးရုံ၌ တက်ရောက်ကုသခံနေရသူ အသက် ၂၂ နှစ်ရှိ မရှုဝါက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အဆောင်ကောင်းကုမ္ပဏီသို့ သွားရောက်ခဲ့ရာ ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့သဖြင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

အဆောင်ကောင်း အက်ဒမန် ငါးမုန့် ကြိတ်စက်ရုံနှင့် အအေးခန်း၌ လွန်ခဲ့သည့် ၆ နှစ်ခန့်ကလည်း ယင်းကဲ့သို့ အမိုးနီးယား ပိုက်ပေါက်ကာ အမျိုးသမီးဝန်ထမ်း ၅၀ နီးပါး ဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း ယင်းကုမ္ပဏီ အလုပ်သမားများနှင့် လုံခြုံရေး ဝန်ထမ်းဟောင်းများက ပြောပြ သည်။ 

Dawei Watch



FOLLOW US