News

POST TAGGED AS

မြစ်ကူးတံတား

မြောင်းမြကြိုးတံတား ကျိုးကျသွားခြင်းနှင့် နောက်ဆက်တွဲများ
မနေ့က သာကေတ-ဒေါပုံဘက်ကနေ မဟာဗန္ဓုလတံတားကြီးကိုဖြတ်ပြီး ရန်ကုန်မြို့ထဲဘက် လာဖြစ်ခဲ့တယ်။ ဒီလမ်းကြောင်းက ရံဖန်ရံခါ သုဝဏ္ဏ-သာကေတဘက်ကနေ မြို့ထဲသွားဖို့ ကိစ္စရှိလာရင် သွားနေကျပါ။ တာမွေလမ်းဆုံမီးပွိုင့်၊ မင်္ဂလာဈေး-ယုဇနပလာဇာ စတဲ့ အင်မတန် ယာဉ်ကြောပိတ်ဆို့တတ်တဲ့နေရာတွေကို ရှောင်ကွင်းသွားဖို့ အကောင်းဆုံးလမ်းကြောင်းပါ။ မဟာဗန္ဓုလတံတားကြီးက ခြောက်လမ်းသွား ကြိုးတံတားကြီး ဖြစ်တာရယ်၊ ရန်ကုန်ဘက်ခြမ်း မဟာဗန္ဓုလလမ်းကနေ တစ်ဆက်တည်း သွားလိုက်ရုံနဲ့ ခဏချင်း ဒေါပုံဘက်ခြမ်းရောက်သွားပြီး သာကေတ၊ သန်လျင်၊ ဒဂုံဆိပ်ကမ်း အစရှိတဲ့ မြို့နယ်တွေကို သွားနိုင်တဲ့အတွက် ယာဉ်အသွားအလာ အင်မတန်ထူထပ်ပါတယ်။ တံတားအဆင်းမီးပွိုင့်မှာ ယာဉ်တန်းအရှည်ကြီး ပိတ်နေတတ်သလို လိမ်ဖယ်ဖယ် ကြိုးတံတားကြီးရဲ့ ဒေါပုံဘက်အဆင်းလမ်းပေါ်မှာ မကြာခဏဆိုသလို မတော်တဆမှုတွေဖြစ်တတ်ပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ဖူးတယ်။ ဒီတံတားကြီးက သီလဝါဆိပ်ကမ်းအထိလည်းပေါက်ပြီး ကမ်းနားလမ်းသစ်ကြီးနဲ့ တစ်ဆက်တည်းဖြစ်တော့ ကွန်တိန်နာကားကြီးတွေ၊ ၁၂ ဘီးကားကြီးတွေ၊ သစ်လုံးတင်ကားကြီးတွေ ဥဒဟိုမပြတ် ဖြတ်နေတဲ့နေရာတစ်ခုပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ သစ်လုံးတင်ကားကြီးတွေ အမြဲလိုလို ဖြတ်နေတာတွေ့ရပြီး အဲဒီသစ်လုံးတင်ကားတွေ တံတားအဆင်းမှာမှောက်လို့ ဘေးနားကကားတွေပါ ပိပြားထိခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိဖူးတယ်။

ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ ဒီတံတားကြီးဟာ အင်မတန်အသုံးဝင်ပါတယ်။ နေ့စဉ်နဲ့အမျှ သီလဝါဘက်ကလာတဲ့ ကွန်တိန်နာကားကြီးတွေ အပါအဝင်၊ ခရီးသည်တင် ဘတ်စ်ကားကြီးတွေ၊ ကိုယ်ပိုင်ယာဉ်အများအပြား မနားတမ်း ဖြတ်သန်းနေတာတွေ့ရတယ်။ စိတ်ကူးယဉ်တတ်သလို အမြင့်ကြောက်တတ်တဲ့ ကိုယ်တွေအတွက်တော့ ဒီတံတားကြီးပေါ်က ဖြတ်သန်းတိုင်း ရင်တထိတ်ထိတ်ဖြစ်ရသလို တံတားပေါ်ကမြင်ရတဲ့ ရန်ကုန်မြို့ပြအလှကလည်း ရင်သပ်ရှုမောစရာပါ။ အောက်ဘက်မှာ ပုဇွန်တောင်ချောင်းရှိပြီး ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ ငါးဖမ်းလှေတွေနဲ့ ပုဇွန်တောင်ဘက်က တိုက်တာအိမ်ရာတွေ၊ ဟိုးခပ်ဝေးဝေးမှာမြင်ရတဲ့ ရွှေတိဂုံစေတီအပါအဝင် ရင်သပ်ရှုမောစရာ ရန်ကုန်မြင်ကွင်းကို ဒီတံတားကြီးပေါ်က လှမ်းမြင်ရတတ်တယ်။ ဒီတံတားကြီးက ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ဖွင့်လှစ်ခဲ့တာဆိုတော့ သက်တမ်း ၁၀ နှစ်တော့ကျော်နေပြီ။

ဒီတံတားကြီးပေါ်က ဖြတ်သန်းတိုင်း စာရေးသူတွေးပြီး ထိတ်လန့်နေတတ်တာ တစ်ခုရှိတယ်။ ခုနေ ဒီတံတားကြီး ပြတ်ကျသွားခဲ့ရင် ပုဇွန်တောင်ချောင်းထဲ ကားရောလူပါကျပြီး မရှုမလှ ဖြစ်သွားရမယ့်အရေးပါ။ ဘာရယ်မဟုတ်။ ကိုယ့်ဘာသာကိုယ်တွေးပြီး ထိတ်လန့်နေတာပါ။ ဥဒဟို သွားလာနေကြတာဖြစ်လို့ ကိုယ်တွေးသလို မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဒီလိုတံတားကြီးတွေဆိုတာ အင်ဂျင်နီယာပညာရပ်နဲ့ အသေအချာ တည်ဆောက်ထားတာမဟုတ်လား။ ဒီဘက်နှစ်တွေမှာတော့ ဒီတံတားပေါ်က ဖြတ်သန်းတိုင်း စာရေးသူရဲ့ မသိစိတ်ထဲ တုန်လှုပ်မှုတွေက ရပ်မသွားတဲ့အပြင် ပိုတိုးလာတာ သတိပြုမိတယ်။ ဧရာမကြိုးဆိုင်းတံတားကြီးပေါ်မှာ တစ်နေ့တစ်နေ့ တန်ချိန် အင်မတန်များပြားလှတဲ့ ကွန်တိန်နာကားကြီးတွေ၊ ခရီးသည်တင်ယာဉ်တွေ အစုလိုက်အပြုံလိုက် ဖြတ်သန်းနေကြတာ ရုတ်တရက် တံတားကြီး ကျိုးကျသွားရင်တော့ ဒုက္ခပဲလို့တွေးနေမိတယ်။ သာမန်ယာဉ်ငယ်တွေချည်းပဲ ဖြတ်နေကြတယ်ဆိုရင်တော့ ကိစ္စမရှိပါ။ ခြောက်ဘီးကားကြီးတွေ၊ သံချောင်းတင်ကားကြီးတွေ၊ ကွန်တိန်နာကားကြီးတွေနဲ့အတူ ပြိုင်ပြီးဖြတ်တဲ့အခါ တံတားကြီးက လှုပ်ခါနေတာတွေ့ရတယ်။ အသည်းတယားယားပဲ။ ကိုယ်က အမြင့်ကြောက်တတ်၊ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်တတ်လို့လားတော့မသိပါ။

ဒီနေ့မနက် စောစောစီးစီး ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်က အထိတ်တလန့်ဖြစ်စရာပါ။ မြောင်းမြကြိုးတံတားကြီး ရေထဲပြတ်ကျသွားတဲ့သတင်း။ မြန်မာပြည်မှာ ခုလို တံတားကျိုးကျတဲ့ ဖြစ်ရပ်မျိုးက ဖြစ်တောင့်ဖြစ်ခဲပါ။ ခုလောက်အရှည်ရှိတဲ့တံတားတစ်စင်း ရေထဲကျိုးကျသွားတာ ဒါပထမဆုံး ဖြစ်မယ်ထင်တယ်။ အင်မတန်ထိတ်လန့်စရာ မြင်ကွင်းပါ။ ကုန်တင်ကားကြီးတစ်စီးနဲ့ လူနှစ်ယောက်ပါသွားပြီး သတင်းဖော်ပြချိန်အထိ ရှာမတွေ့သေးဘူးလို့ ဆိုတယ်။ အပေါ်စီးကရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ မြစ်ကမ်းနဖူးက တံတားတိုင်တွေပဲကျန်ခဲ့ပြီး ပင်မတံတားတစ်ခုလုံး ရေထဲပျောက်သွားတယ်။ ဒီမြင်ကွင်းမျိုးက ဒုတိယကမ္ဘာစစ် ဗုံးဒဏ်ခံရတဲ့ တံတားတွေမှာပဲ မြင်ဖူးတယ်။ တော်တော်လေး တုန်လှုပ်သွားမိသလို ဒီတံတားတည်ဆောက်ခဲ့ကြတဲ့သူတွေရဲ့ တာဝန်မဲ့မှုတွေကိုလည်း ပြန်စဉ်းစားနေမိတယ်။ ဒီတံတားက ၁၉၉၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ ခုဆို ၂၂ နှစ်သက်တမ်းရှိပြီ။ မြောင်းမြဘက် တစ်ခါမှမသွားခဲ့ဖူးလို့ ဒီတံတားကြီးပေါ်က မဖြတ်ဖူးပါဘူး။ ဒါပေမဲ့ ဒီတံတားကြီး တည်ဆောက်ဖွင့်လှစ်ခဲ့စဉ်ကာလက မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ အဲဒီခေတ်အခါကာလက ကျင့်ဝတ်ကင်းမဲ့စွာ၊ “မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်ပါလို့...” ကိုယ်ကျိုးရှာခဲ့ကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်အားလုံးရဲ့ မျက်နှာများကို ပြန်လည်မြင်ယောင်လာပါတယ်။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အဲဒီကာလများမှာ “မြစ်ကိုမြင်ရင် တံတားထိုး”ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ တံတားအသစ်တွေ တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာခဲ့လို့ အာဏာရှင်ခေါင်းဆောင်တွေဟာ ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်နေခဲ့တာကို မှတ်မိနေသေးတယ်။ ခု မြောင်းမြတံတားက စစ်အစိုးရကာလ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တည်ဆောက်ပြီးစီးသွားတဲ့ တံတားများစွာအနက်က တစ်ခုပါ။ သက်တမ်းတစ်ခု ရလာတဲ့အခါမှာ စံချိန်စံညွှန်းမပြည့်၊ အပေါ်ယံဆေးသုတ် အလှဆင်ထားတဲ့ တံတားတစ်စင်းက အချိန်မတိုင်မီ ပြိုကျသွားခဲ့ရတာပါ။ ဒီလိုအခြေအနေမျိုး ရှိနေတဲ့တံတားတွေ ဘယ်လောက်များ ရှိနေမလဲတော့ မသိနိုင်ပါ။ ၁၉၉၀ - ၂၀၀၀ ပြည့်လွန်နှစ်များက တည်ဆောက်ပြုပြင်ခဲ့ကြတဲ့ လမ်း၊ တံတား၊ အိုးအိမ်တွေရဲ့ စံချိန်စံညွှန်းတွေဟာ အကျင့်ပျက်ဝန်ထမ်းပေါင်းများစွာရဲ့ ခြစားမှုနဲ့အတူ အရည်အသွေးပျက်ယွင်းခဲ့ရတယ်။ ဟိုတုန်းက တံတားအစင်းရေ ဘယ်ရွေ့ဘယ်မျှ တည်ဆောက်ပြီးခဲ့တာကို အုပ်ချုပ်သူ အာဏာရှင်လူတန်းစားများက ဖွံ့ဖြိုးတိုးတက်မှုစံချိန်တစ်ခုအဖြစ် သတ်မှတ်ခဲ့တယ်။ နိုင်ငံမှာ အခြေခံအဆောက်အအုံတွေ ပြည့်စုံကြွယ်ဝဖို့လိုပါတယ်။ ဒါပေမဲ့ စစ်အစိုးရကာလ ကြောက်ခမန်းလိလိ အကျင့်ပျက်ခြစားမှုအပေါ် အထိန်းအကွပ်အတားအဆီး မရှိခဲ့ပါဘူး။ အာဏာပိုင်များက အကျင့်ပျက်သလို တာဝန်ခံဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းအဆင့်ဆင့်ကလည်း အကျင့်ပျက်ခဲ့ကြတယ်။ တံတားတွေ တစ်စင်းပြီးတစ်စင်း၊ တက္ကသိုလ်ကောလိပ်တွေ တစ်ခုပြီးတစ်ခု တည်ဆောက်ဖွင့်လှစ်ခဲ့တဲ့ အပေါ်ယံဟန်ပြလုပ်ရပ်တွေအပေါ် သာယာခဲ့ကြတယ်။ တစ်ခါတုန်းကလည်း အသစ်တည်ဆောက်ပြီးခါစ ကောလိပ်ကျောင်းတစ်ခု အခြမ်းလိုက်ကြီး ကွန်ကရစ်မခိုင်လို့ ရွဲ့စောင်းပြိုကျနေတဲ့ သတင်းဓာတ်ပုံတွေ မြင်ခဲ့ဖူးတယ်။

ခုချိန်မှာ နိုင်ငံဆင်းရဲတဲ့အကြောင်း၊ မဖွံ့ဖြိုးမတိုးတက်တဲ့အကြောင်း၊ အာဆီယံမှာ အနိမ့်ဆုံးဆိုတဲ့အကြောင်း ဝေဖန်ပြောဆိုနေခဲ့ကြပေမယ့် ဒါတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုနီးပါး တစ်နိုင်ငံလုံး ကမောက်ကမ လွဲချော်ပျက်စီးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ ဆိုးမွေတွေကြောင့်ပဲဆိုတာ သတိလက်လွတ်ဖြစ်နေခဲ့ကြတယ်။ နမူနာတွေ ပြောရရင်အများကြီးပါ။ ဧရာဝတီတိုင်းထဲမှာပဲ ရထားမသွားတဲ့ အရှည်ဆုံးတံတားတစ်စင်း သံချေးတက်နေတာရှိတယ်။ ရန်ကုန်မှာ လျှပ်စစ်ရထားပြေးမယ်ဆိုပြီး ဂျပန်ကဝယ်ထားတဲ့ ရထားဟောင်းတွေ သီလဝါဆိပ်ကမ်းမှာရှိတယ်။ ရထားလမ်းမရှိတဲ့ ဘူတာရုံတွေ၊ တည်ဆောင်ပြီး ပစ်ထားလိုက်ရတဲ့ (သာပေါင်း စက္ကူစက်လို) စက်ရုံတွေ ရှိတယ်။ ဒါတွေဟာ လွန်ခဲ့သောနှစ်များက အဟောသိကံ ဖြစ်ခဲ့ရတဲ့ နိုင်ငံ့ဘဏ္ဍာတွေပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များက လွဲချော်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ဒီနေ့ခံစားနေရတာပါ။ ခုဆို ဟိုတုန်းက ခြစားပြီးတည်ဆောက် ပြုပြင်ခဲ့ကြတဲ့ အခြေခံအဆောက်အဦများဟာ သက်တမ်းဆယ်စုနှစ်ကျော်လာပြီမို့ သတိရှိရှိနဲ့ ဆက်လက်သုံးစွဲဖို့ လိုအပ်နေကြောင်းပါ...။

ချစ်ဝင်းမောင်



FOLLOW US