News

POST TAGGED AS

ပြည်သူ့လွှတ်တော်

နိုင်ငံခြားရင်းနှီးမြှုပ်နှံ အမှန်ဝင်သည့်ပမာဏ ကန်ဒေါ်လာ လေးဘီလီယံနီးပါးရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ယခုဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ် စီးဝင်သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ငွေတစ်ခုတည်းယူလာပြီး ရင်းနှီးမြှုပ်နှံခြင်းမျိုးမဟုတ်ဘဲ ပစ္စည်းများနှင့်လည်း ဝင်ရောက်ခြင်းမျိုးရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများတွင် တည်ဆောက်ရေးကာလရှိသည့်အတွက် ယင်းကာလအတွင်း အရင်းအနှီးမြှုပ်နှံမှုတစ်ဝက်သာ ထည့်ဝင်သောကြောင့် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သော်လည်း ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံသာ အမှန်တကယ်ဝင်ရောက်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ဒီပိုက်ဆံတွေက အကုန်မဝင်ဘူးလားဆိုတော့ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း ဝင်တာဖြစ်တဲ့အတွက် နှစ်ကုန်စာရင်းချုပ်တဲ့အခါ အဲဒီစာရင်းအတိုင်း မြေပြင်မှာမရှိဘူး။ နည်းနည်းတော့လျော့တယ်။ ကျန်တဲ့ပမာဏကလည်း နောက်တဖြည်းဖြည်းချင်း ဝင်လာမှာဖြစ်တယ်။ MIC မှာဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စာရင်းသာဖြစ်ပြီး တကယ်မဝင်ဘူး ပြောနေတာတွေရှိလို့ စာရင်းမှန်ထုတ်ပေးတာပါ”ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂၀၁၇ ဧပြီလမှ ဒီဇင်ဘာရှိ စာရင်းအရ ၅ ဘီလီယံနီးပါးရှိသောကြောင့် ယခုနှစ်တွင် လျာထားချက်ထက် ကျော်လွန်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယင်းကဲ့သို့ စာရင်းအမှန်ဝင်ရောက်မှုကို သိရှိနိုင်ရန် ရှေ့ပြေးအစီအစဉ်အနေနှင့် ကုမ္ပဏီပေါင်း ၁၀၀ ကို အချက်အလက်များ ကောက်ခံရန် စီစဉ်ထားကြောင်း၊ MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) က ခွင့်ပြုပြီးသားလုပ်ငန်းများသည် တည်ဆောက်ရေးကာလကို နှစ်အကန့်အသတ်များဖြင့် သတ်မှတ်ပေးထားပြီး ယင်းကာလအတွင်းမပြီးစီးပါက ဝင်ရောက်စစ်ဆေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

“MIC က ခွင့်ပြုပြီး ဒီအတိုင်း ပိုက်ဆံတွေပုံအောပြီး ဝင်လာတာမဟုတ်ဘူး။ ဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ဖြစ်၊ ကုန်ထုတ်လုပ်ငန်းပဲဖြစ်ဖြစ် တည်ဆောက်ရေးလုပ်တယ်။ အခြေကျပြီဆိုတော့ ငွေကြေးပဲဖြစ်စေ၊ ပစ္စည်းပဲဖြစ်စေ ရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာတာပါ” ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်မြတ်က ပြောကြားသည်။

ယခုနှစ်ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုဝင်ရောက်သည်ဆိုသော်လည်း အနောက်နိုင်ငံများမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းမရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-13



FOLLOW US