News

POST TAGGED AS

ပြည်သူလူထု

တက္ကသိုလ်များတွင် နိုင်ငံရေးအကြောင်းမပြောရန် တားမြစ်ချက် ပြန်ရုပ်သိမ်း
ရန်ကုန်၊ ဇွန် ၂

ဆရာနှင့် ကျောင်းသားအဖွဲ့များ အပြင်းအထန်ကန့်ကွက်သည့် တက္ကသိုလ်၊ ကောလိပ်များတွင် နိုင်ငံရေးနှင့်ဆိုင်သော စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲများမပြုလုပ်ရန် တားမြစ်ချက်ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဇွန်လ ၂ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်သည်။

ဆရာသမဂ္ဂများနှင့် ကျောင်းသား သမဂ္ဂများက ထိုတားမြစ်ချက်ကို ကန့်ကွက် ကြောင်း ပညာရေးဝန်ကြီးရုံးသို့ စာပေးပို့ ခဲ့သောကြောင့် ဝန်ကြီးရုံးနှင့် အဆင့်မြင့် ပညာဦးစီးဌာနအနေနှင့် ပြန်လည်သုံးသပ် ကာ တားမြစ်ချက်ကို ယခုကဲ့သို့ ရုပ်သိမ်း လိုက်ခြင်းဖြစ်နိုင်ကြောင်း ယင်းဌာန ဒုညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက သုံးသပ်သည်။

မူလကထုတ်ပြန်ခဲ့သည့် တားမြစ်ချက်ကို ရုပ်သိမ်းသော်လည်း ပထမညွှန်ကြားစာတွင်ပါသည့်အတိုင်း ပွဲကျင်းပမည် ဆိုပါကပွဲနှင့် ပတ်သက်သည့်အကြောင်းအရာများ တင်ပြရန်လို၊ မလိုကိုမူသက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ်ကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းကို အဆင့်မြင့်ပညာဦးစီးဌာနအနေနှင့် အားပေးသည့်အတွက် ပယ်ဖျက်ခြင်းဖြစ်ကြောင်း ယင်းဌာန၏ ဇွန် ၂ ရက် ထုတ်ပြန်စာတွင် ပါရှိသည်။

မူလတားမြစ်ခဲ့စဉ်က ကန့်ကွက်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုဘုန်းထက်နောင်က “ကျွန်တော်ထင်တာက အရင်စာရဲ့ပထမအချက်ပဲလျှော့ပေးတာ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်ခွင့်ကို အာမခံသေးတာ မဟုတ်ဘူး”ဟု ပြောကြားသည်။

တက္ကသိုလ်ဆရာ၊ ဆရာမသမဂ္ဂအသင်းများ ကိုယ်စားပြုကော်မတီ ဦးဆောင်ကော်မတီဝင်  ဦးလှိုင်တင့်က “အစကတည်းက ထုတ်ဖို့မလိုတဲ့ စာကိုထုတ်ခဲ့တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့လည်း ဝေဖန်ခံခဲ့ရတယ်။ အစိုးရအပေါ်လည်း အမြင်စောင်းစေခဲ့တယ်။ ဒါမျိုးထပ်မဖြစ်သင့်ဘူးလို့ ထင်တယ်”ဟု ပြောကြားသည်။

တက္ကသိုလ်များတွင် ပါမောက္ခချုပ် သို့မဟုတ် ကျောင်းအုပ်များက နိုင်ငံရေးနှင့်ပတ်သက်သော စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကို ခွင့်မပြုရန် အဆင့်မြင့်ပညာဦးစီးဌာနက မေလ ၂၁ ရက် ရက်စွဲဖြင့် တက္ကသိုလ်၊ ကောလိပ်များသို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပွဲများပြုလုပ်မည်ဆိုပါက ဖတ်ကြားမည့်ခေါင်းစဉ်၊ ဆွေးနွေးဟောပြောမည့်သူ၏ အမည်နှင့် ကိုယ်ရေးမှတ်တမ်းအကျဉ်း၊ ပွဲတက်ရောက်မည့်သူ စာရင်းနှင့် ပွဲကျင်းပမည့်အချိန်နှင့်နေရာ စသည်တို့ကို ပါမောက္ခချုပ် သို့မဟုတ် ကျောင်းအုပ်၏ ထောက်ခံချက်နှင့် အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းဖြစ်သည်။  

J-19



FOLLOW US