News

POST TAGGED AS

ပြည်ခိုင်ဖြိုးပါတီ

မန္တလေးကုန်စည်ဒိုင်တွင် ကျပ်သိန်း ၁၀၀၀ ကျော်လိမ်လည်မှုဖြစ်

မန္တလေး၊ ဩဂုတ် ၃၀ 

မန္တလေးကုန်စည်ဒိုင်၌ ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၁၁၆၀ ကျော် လိမ်လည်မှုတစ်ခုဖြစ်ခဲ့ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း - မန္တလေး ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း- မန္တလေးကုန်စည်ဒိုင်မှ အသင်းသားတစ်ဦးဖြစ်သူ ဦးဆန်းထွန်းလွင် (စိန်လမင်းပွဲရုံ) ၏ကိုယ်စားလှယ် ဦးငြိမ်းချမ်းက ကုန်သည် ၁၉ ဦးထံမှ လိမ်လည်သွားခြင်းဖြစ်ကြောင်း၊ ယင်းပြဿနာကို ယခုလ ၂၆ ရက်ရောက်မှသာ သိရကြောင်း ၎င်းကပြောဆိုသည်။

“အသင်းသားက ပြဿနာဖြစ်တဲ့သူကို ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းကြောင်း သတင်းလာပို့မှသိရတာ။ အခုရက်ပိုင်းပဲ ရှိသေးတယ်။ ကိုယ်စားလှယ်က ဒိုင်ကိုမလာတော့ဘူးဆိုတော့ လိမ်သွားတာပေါ့နော်”ဟု ဦးချွန်က မှတ်ချက်ပြုသည်။

ကုန်စည်ဒိုင်သို့ လာရောက်သော ကုန်သည်များအနေနှင့် ပဲ၊ နှမ်း အရောင်းအဝယ် ပြုလုပ်ရာတွင် သတိထား ရောင်းဝယ်ရန်လိုကြောင်း အသင်းသားတစ်ဦးက ပြောကြားသည်။ 

“ဒီလို ပြဿနာမျိုးက ၂ နှစ် တစ်ကြိမ်၊ ၃ နှစ် တစ်ကြိမ်လောက် ရှိနေတယ်”ဟု ၎င်းကပြောဆိုသည်။ 

အသင်းသား၏ ကိုယ်စားလှယ်ဖြစ်သူ ဦးငြိမ်းချမ်းသည် မြေပဲဆန် အရောင်းအဝယ် ပြုလုပ်ရာမှတစ်ဆင့် ယင်းကဲ့သို့ ငွေကြေး လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း ဦးချွန်က ထပ်မံပြောဆိုသည်။ 

အသင်းဝင်တစ်ဦးသည် ၂ နှစ် သက်တမ်းပြည့်ပြီးပါက ကိုယ်စားလှယ် နှစ်ဦးထားခွင့်ရှိရာ ခန့်အပ်ထားသော ကိုယ်စားလှယ်သည် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သော် တာဝန်ခံအသင်းသားအနေနှင့် ဖြေရှင်းပေးခြင်းမရှိပါက အသင်းမှထုတ်ပယ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် လိမ်လည်မှု မဖြစ်သည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ နောက်ဆုံး ဖြစ်ပွားခဲ့သည်မှာ ၂၀၁၅ ခုနှစ်ကဖြစ်သည်။ 

M-08



FOLLOW US