News

POST TAGGED AS

မြေပြို

18-Jun-2018

နာဂဒေသ မြေပြို
မြေပြိုလမ်းပိတ်ခဲ့သည့် လဟယ်- ဆင်သေလမ်းပိုင်း လမ်းပြန်ပွင့်


ကလေး၊ ဇွန် ၁၇ 

မိုးကြောင့် မြေပြိုလမ်းပိတ်ဆို့မှုဖြစ်ခဲ့သည့် နာဂဒေသ လဟယ်- ဆင်သေလမ်းတွင် လမ်းပြန်ပွင့်နေပြီး ပုံမှန်အတိုင်း ပြန်လည်သွားလာ၍ ရပြီဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ စုံစမ်းသိရှိရသည်။

နာဂဒေသ လဟယ်မြို့မှ ခန္တီးမြို့သို့သွားသည့် အဓိကလမ်းဖြစ်သော လဟယ်- ဆင်သေ မိုင် ၅၀ ကျော် ကားလမ်းမှာ ဇွန်လ ၁၂ ရက်နေ့မှစ၍ မြေပြိုလမ်းပိတ်ခဲ့ပြီး အဆိုပါလမ်းကို ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားပေးခဲ့သဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း လဟယ်မြို့နေ ဦးစောမင်းက ပြောကြားသည်။ 

“မနေ့မနက်က လဟယ်က ထွက်သွားတဲ့ကားလေး ညနေပိုင်း ခန္တီးရောက်သွားတယ်။ အခုကားလေးတွေနဲ့ ဆိုင်ကယ်တွေကတော့ သွားလာလို့ရနေပြီ”ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် လေရှီး-ထမံသီ မိုင် ၄၀ ကား လမ်းပေါ်တွင်လည်း မြေပြိုမှုဖြစ်ပွားပြီး ဇွန်လ ၁၃ ရက်နေ့က လမ်းပိတ်ခဲ့ရာ အဆိုပါလမ်းကို ဌာနဆိုင်ရာက စက်ယန္တရားများနှင့် လူအင်အားတို့ဖြင့် ပြန်လည်ရှင်းလင်းခဲ့ရာ ဇွန်လ ၁၄ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်သွားလာ၍ရနေပြီဖြစ်ကြောင်း လေရှီးမြို့နေ ဦးရှင်းယာက ပြောကြားသည်။

ယင်းအပြင် ဇွန်လ ၁၂ ရက်နေ့မှစကာ မိုးရွာလမ်းပိတ်ခဲ့သည့် လေရှီး-ဆွမ္မရာကားလမ်းမှာလည်း ပြန်လည်သွားလာ၍ ရနေပြီဖြစ်ပြီး လဟယ်- နန်းယွန်း ကားလမ်းမှာမူ မြေပြိုလမ်းပိတ်နေသည့်အတွက် ဆက်သွယ်သွားလာမှု ရပ်ဆိုင်းနေဆဲဖြစ်သည်။ 

R-20




FOLLOW US