News

POST TAGGED AS

မြေပြို

တက္ကသိုလ်ဝင်စာမေးပွဲ နာဂဒေသမှ ကျောင်းသားတစ်ထောင်ခန့် ဝင်ဖြေမည်
ကလေး၊ မတ် ၄ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်သုံးခုမှ ကျောင်းသား၊ ကျောင်းသူဦးရေတစ်ထောင်ခန့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ခန္တီးခရိုင်၊ ပညာရေးမှူးရုံးထံမှ သိရသည်။ 

မတ်လ ၇ ရက်နေ့မှ စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လေရှီးမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုမှ ကျောင်းသား၊ ကျောင်းသူ ၄၁၈ ဦး၊ နန်းယွန်း မြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုမှ စုစုပေါင်း ၃၆၅ ဦး၊ လဟယ်မြို့နယ်အတွင်းရှိ စာစစ်ဌာနတစ်ခုမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း၂၁၃ ဦး စုစုပေါင်း ၉၉၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။ 

အဆိုပါ ကျောင်းသားများသည် ဓာတု၊ ရူပ၊ ဇီဝဘာသာတွဲ၊ ဓာတု၊ ရူပ၊ ဘောဂဘာသာတွဲနှင့် ပထဝီ၊ သမိုင်း၊ ဘောဂဘာသာတွဲ စသည့် ဘာသာတွဲသုံးခုဖြင့် ဝင်ရောက်ဖြေဆိုမည့် သူများဖြစ်သည်။

“နာဂဒေသ ပညာရေးအောင်ချက် မြင့်မားဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်နေကြပါတယ်”ဟု ခန္တီးခရိုင်၊ ပညာရေးမှူး ဦးအောင်ကျော်မြင့်က ပြောဆိုသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း ယင်းမြို့နယ်သုံးခုမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၇၅ ဦး တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေနှင့် လဟယ်မြို့နယ်တွင် ၁၇ ဒသမ ဝ၄ ရာခိုင်နှုန်း၊ လေရှီးမြို့နယ်တွင် ၁၃ ဒသမ ၄၇ ရာခိုင်နှုန်းနှင့် နန်းယွန်းမြို့နယ်တွင် ၁၁ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်း ခန္တီးခရိုင်၊ ပညာရေးမှူးရုံးထံမှ သိရသည်။

R-20



FOLLOW US