News

POST TAGGED AS

မြောက်ကိုရီးယား

လူသားများကို အဏုမြူဗုံးဖြင့် ပထမဆုံးတိုက်ခိုက်မှု ၇၃ နှစ်ပြည့် အခမ်းအနား ဂျပန်တွင်ကျင်းပ

တိုကျို၊ ဩဂုတ် ၇

ဂျပန်နိုင်ငံ သမိုင်းကြောင်းတွင် မည်သို့မျှ မေ့ဖျောက်၍မရနိုင်သော ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲတိုက်ခိုက်ခံရမှု ၇၃ နှစ်ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို ဩဂုတ်လ ၆ ရက်နေ့က တိုကျိုမြို့ အနောက်ဘက်တွင် လူထောင်ပေါင်း များစွာနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြောင်း ဂျပန်သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ဒုတိယကမ္ဘာစစ်ကာလ အမေရိကန် ပြည်ထောင်စုက ဂျပန်နိုင်ငံ ဟီရိုရှီးမားကို အဏုမြူဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ၇၃ နှစ်မြောက် အဆိုပါ အထူးဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် တိုကျို မြို့တော်ဝန် ကတ်ဆူမီမတ်ဆူက “၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက် အဏုမြူဗုံးကြဲ တိုက်ခိုက်ခံရစဉ်က ထိခိုက်သေဆုံးခဲ့ရသူများ မချိမဆန့်ခံစားခဲ့ရသော ဝေဒနာကို ကိုယ်ချင်းစားနာကြည့်စေလိုသည်”ဟု ပရိသတ်ကို ပြောကြားသည်။

“ခင်ဗျားနဲ့ ခင်ဗျားတို့ သိပ်ချစ်ရတဲ့သူတွေ အဲဒီမှာရှိနေခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်”ဟု ၎င်းကပြောကြားသည်။

“နိုင်ငံအတော်များများဟာ မိမိကိုယ်မိမိ ဗဟိုပြုတဲ့ အမျိုးသားရေးဝါဒကို ဗြောင်ကျကျပဲ ထုတ်ပြောနေကြတယ်၊ သူတို့ရဲ့ နျူကလီးယား (အဏုမြူ) လက်နက်တွေကိုလည်း ခေတ်မီအောင် လုပ်နေကြတယ်”ဟု ၎င်းက နျူကလီးယားလက်နက် တပ်ဆင်ထုတ်လုပ်ရန် ကြိုးပမ်းနေသည့်နိုင်ငံများကို ပြစ်တင်ရှုတ်ချလိုက်သည်။ သို့သော် မည်သည့်နိုင်ငံဖြစ်သည်ဟူသည်ကို ထုတ်ပြောခြင်းမရှိပေ။

ကမ္ဘာ့ခေါင်းဆောင်များအနေနှင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် စိတ်သဘောထား မှန်ကန်ဖြောင့်မတ်စွာဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးကြရန် ကတ်ဆူမီမတ်ဆူက ပြောကြားသည်။

ထို့နောက် မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ “ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုတွေကို ငြိမ်းချမ်းမှုရှိတဲ့ ဒိုင်ယာလော့ခ်တွေပြုလုပ်ပြီး ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက မျှော်လင့်လျက်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၁၉၄၅ ခုနှစ် ဩဂုတ်လ အမေရိကန် ပြည်ထောင်စုက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၄၀၀၀၀ ကျော်သေဆုံးခဲ့သည်။ သုံးရက်အကြာတွင် နာဂါဆာကီကို ထပ်မံတိုက်ခိုက်ခဲ့ရာ နောက်ထပ် လူပေါင်း ၇၀၀၀၀ ခန့် သေဆုံးသွားခဲ့ရသည်။ 

ယင်းတိုက်ခိုက်မှုသည် လူသားများအပေါ် အဏုမြူဗုံးဖြင့် ပထမဆုံး တိုက်ခိုက်မှုအဖြစ် ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းဝင်ခဲ့သည်။

ယင်းဖြစ်ရပ်နှင့်အတူ ဒုတိယကမ္ဘာ စစ်ကြီးပြီးဆုံးသွားသလို နျူကလီးယားခေတ်ကာလလည်း ပေါ်ပေါက်လာခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံသို့ သွားရောက်ရာတွင် အဏုမြူဗုံးကြဲချ တိုက်ခိုက်ခံရသော ဟီရိုရှီးမားသို့ သွားရောက်ကြည့်ရှုခဲ့သည်။

တနင်္လာနေ့ကပြုလုပ်သော ၇၃ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နိုင်ငံပေါင်း ၈၀ မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။ ၎င်းတို့သည် နံနက် ၈ နာရီ ၁၅ မိနစ်တွင် တစ်မိနစ်ခန့် ငြိမ်သက်ကာ သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲမှုကို ဖော်ကျူးခဲ့ကြသည်။

F-01



FOLLOW US