News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုကို မြန်မာ အပါအဝင် ၄၉ နိုင်ငံ ချိုးဖောက်ဟု အမေရိကန်အစီရင်ခံစာဖော်ပြ

ဝါရှင်တန်၊ ဒီဇင်ဘာ ၆ 

နျူကလီးယား လက်နက်စီမံကိန်း လုပ်ဆောင်နေသည့် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှု များစွာ ချမှတ်ထားသော်လည်း ယင်းပိတ်ဆို့မှုများကို ချိုးဖောက်ပြီး ကုန်သွယ်ဆက်ဆံနေသည့် နိုင်ငံ ၄၉ နိုင်ငံအထိရှိကြောင်း အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ တစ်ဖွဲ့၏ အစီရင်ခံစာကိုကိုးကားပြီး CNN သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားကို ကမ္ဘာ့ကုန်သွယ်ရေးစနစ်မှ အဆက်အသွယ် ဖြတ်တောက်ပြီး ဖိအားပေးနိုင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးစားနေသော်လည်း ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထိုအစီရင်ခံစာက မီးမောင်းထိုးပြနေသည်။

၂၀၁၄ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံ ၄၉ နိုင်ငံသည် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ကြသည်ဟု Institute for Science and International Security အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းတို့ထဲတွင် မြောက်ကိုရီးယား၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံကြီး တရုတ် သာမက ဂျာမနီ၊ ဘရာဇီး၊ အိန္ဒိယ၊ ပြင်သစ်တို့ပင် ပါဝင်နေသည်ဟု စွပ်စွဲထားသည်။

ယင်းတို့အနက်မှ မြန်မာ၊ အင်ဂိုလာ၊ ကျူးဘား၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ အီရန်၊ သီရိလင်္ကာနှင့် ဆီးရီးယားတို့ အပါအဝင် ၁၃ နိုင်ငံမှာ မြောက်ကိုရီးယား စစ်ဘက်နှင့် အချိတ်အဆက် ရှိခြင်းဖြစ်သည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် စွပ်စွဲထားသည်။

“အချို့ ဖြစ်စဉ်များတွင် ဒီမိုကရေစီ နည်းမကျသည့် အစိုးရအများစု ပါဝင်သော ယင်းနိုင်ငံများသည် မြောက်ကိုရီးယားထံမှ စစ်သင်တန်း သင်ကြားခြင်းဖြစ်ပြီး အချို့ဖြစ်စဉ်များတွင် စစ်ဘက်ကိရိယာများ မြောက်ကိုရီးယားထံမှ သို့မဟုတ် ထံသို့ တင်ပို့ခြင်းဖြစ်သည်”ဟု အစီရင်ခံစာက ဖော်ပြသည်။

အစီရင်ခံစာ ရေးသားသူများသည် ကုလသမဂ္ဂ ပို့ကုန်ဆိုင်ရာ အဖွဲ့ကြီး၏ လွန်ခဲ့သော သုံးနှစ်ခွဲအတွင်း ထုတ်ပြန်ထားသော မြောက်ကိုရီးယား၏ ဝယ်ယူစုဆောင်းမှု အချက်အလက်များကို အခြေခံထားခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ပို့ကုန်နှင့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ထိန်းချုပ်မှု အားနည်းသော သို့မဟုတ် မရှိသော နိုင်ငံများနှင့် ပူးပေါင်း ဆောက်ရွက်သည်ကိုတွေ့ရပြီး အကျင့်ပျက် ခြစားမှု မြင့်မားသည့်နိုင်ငံများနှင့် အဓိက ဆက်ဆံခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

၄၉ နိုင်ငံတွင် နိုင်ငံငါးနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများသည် မြောက်ကိုရီးယား အစိုးရအတွက် အမည်ခံ ကုမ္ပဏီများ လုပ်ကိုင်မှု ချောမွေ့စေခြင်း သို့မဟုတ် ပိတ်ဆို့ထားသော ကုန်စည်နှင့် တွင်းထွက်ပစ္စည်းများ တင်သွင်းခြင်းကဲ့သို့သော အခြားနည်းများဖြင့် အရေးယူ ပိတ်ဆို့မှုကို  ချိုးဖောက်ခဲ့ကြသည်ဟု ဆိုသည်။

F-03



FOLLOW US