News

POST TAGGED AS

မြေယာ

19-Aug-2018

ပြည် မြေယာ
ဂေါက်ကွင်းအဖြစ် သိမ်းဆည်းထားသော မြေများအတွက် လျော်ကြေးပြန်ပေးမည်
ပြည်၊ ဩဂုတ် ၁၈

ပြည်မြို့နယ်အတွင်း ​ကျေးရွာသုံးရွာရှိ တောင်သူများထံမှ ဂေါက်ကွင်းအဖြစ် သိမ်းဆည်းထားသော မြေများအတွက် လျော်ကြေးငွေများ ပေးအပ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်က ကတိပေး​​ပြောဆိုထားရာ လက်​ရှိအဆိုပါမြေများကို ပြန်လည်စိစစ်နေကြောင်း ပြည်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသက်ဝင်းလှိုင်က​ပြော ကြားသည်​။

“ခေတ်နဲ့လျော်ညီတဲ့ ဒေသပေါက် ဈေးမျိုးရ​အောင်​ ပြန်လည်တင်ပြသွားရမှာပေါ့။ နောက်ဆုံးသက်သေခံကွင်း မြေပုံတွေကနေပြီးတော့ မူပိုင်စာရင်းတွေ နောက်ပိုင်ဆိုင်မှုအထောက်အထားတွေကို ကျွန်တော်တို့ပြန်စိစစ်ပြီးတော့ အစိုးရအဖွဲ့ကို တင်ပြသွားမှာပါ”ဟု ၎င်းက ဆိုသည်။ 

အနီးစပ်ဆုံးအဖြစ်​ ၂၀၁၈- ၂၀၁၉ ဘတ်ဂျက်တွင်​ပြန်​လည်​မရရှိပါက ၁၉-၂၀ ဘတ်ဂျက်တွင်​ ပြန်​လည်​ရရှိရန်​ကြိုးစားပေးမည်​ဖြစ်​​ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်​။

“သိမ်းတုန်းကလည်း ဒီအတိုင်းပဲ သိမ်းသွားတာ စိုက်ပျိုးပြီးသား သီးနှံတွေတောင် မရခဲ့ဘူး။ သီးနှံလျော်ကြေး မြေယာလျော်ကြေးဆိုတာလည်း မရခဲ့ဘူး။ သားသမီးတွေပညာရေး၊ စားဝတ်နေရေးကစ အဆင်မပြေခဲ့ဘူး။ ကျွန်တော်တို့မြေတော့ ပြန်လိုချင်တာပေါ့။ အခုလိုလျော်ပေးမယ်ဆိုတော့လည်း ကာလပေါက်ဈေးလေးအတိုင်း လုပ်ပေးစေချင်တယ်”ဟု ထမ္မကောက်ကျေးရွာမှ မြေသိမ်းခံတောင်သူတစ်​ဦးက ​ပြောဆိုသည်​။

အဆိုပါ မြေများပြန်လည်ရရှိရန်အတွက် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်မှစတင်ကာ နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာန အသီးသီးသို့ တိုင်ကြားစာများပေးပို့ခြင်း၊ မြေများပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ် စက်တင်ဘာလကလည်း တီတွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် သိမ်းဆည်းခံတောင်သူများ တွေ့ဆုံချိန်တွင် အဆိုပါမြေများအား လျော်ကြေးပြန်လည်ပေးအပ်မည့်အကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မြေများကို ၁၉၉၆ - ၉၇ ခုနှစ်တွင် သဲကုန်းမြို့နယ်အခြေစိုက် တပ်မ (၆၆) က ထမ္မကောက်၊ တီတွတ်၊ စံပြကျေးရွာ သုံးရွာမှ တောင်သူ ၁၉ ဦး ပိုင်ဆိုင်သော လယ်မြေ၊ ယာမြေနှင့်၊ အိမ်ခြံမြေစုစုပေါင်း ဧက ၇၅ ဒသမ ၄၀ ဧကကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

M-06



FOLLOW US