News

POST TAGGED AS

သေဆုံးမှု

ပန်းတနော်တွင် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် အဆုံးစီရင်
ပုသိမ်၊ ဇွန် ၉

ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သုံးခွနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး ဇွန်လ ၇ ရက် ညနေ ၆ နာရီခန့်က မိမိကိုယ်မိမိသေနတ်နှင့်ပစ်၍ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

သေဆုံးသူမှာ သုံးခွနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်အသက် ၃၂ နှစ်အရွယ် ဒုရဲအုပ်ကောင်းမြတ်သူဖြစ်ပြီး၊ မအူချောင်းကျေးရွာရှိ မအူချောင်းရဲကင်းရုံးနှင့် ၁၂ ပေအကွာတွင် ၎င်းကိုင်ဆောင်သော ခြောက်လုံးပြူးသေနတ်ဖြင့် ညာဘက်နားထင်ကိုပစ်ခတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

“သေဆုံးသူရဲ့ခြေနှစ်ချောင်းကြားမှာတော့ အားကစားဘောင်းဘီတိုအနက်ရောင်နဲ့ သေနတ်လက်ကိုင်ကိုပတ်လျက် တွေ့ရှိရတယ်။ မိသားစုကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ဖြစ်တာလို့ယူဆရတယ်၊ အခြားအဆင့်ကနေ အရာရှိဖြစ်လာတာ မကြာသေးဘူး၊ အမှုကိုစုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အခင်းမဖြစ်မီနံနက်ပိုင်းက ဒုရဲအုပ်မှာ ဇနီးသည်နှင့်စကားများ ရန်ဖြစ်၍ ၂ လသားအရွယ်သားလေးကိုအိမ်တွင်ထားခဲ့ကာ ဇနီးသည်က မိဘများရှိရာမြို့သို့ ပြန်သွားခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီ ခန့်တွင်ကင်းတာဝန်ကျကိုအပေါ့သွားမည်ဟုဆိုကာ ထွက်သွားပြီး ခဏအကြာ သေနတ်သံကြားရသဖြင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုရာမှဒုရဲအုပ်၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သုံးခွနယ်မြေရဲစခန်းမှသေမှုသေခင်းရေးဖွင့်ကာ စစ်ဆေးနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

R-12



FOLLOW US