News

POST TAGGED AS

သေဆုံးမှု

အရက်သောက်ပြီး စက်ဘီးဖြင့် အိမ်ပြန်သူ ရေမြောင်းထဲပြုတ်ကျ သေဆုံး
ရန်ကုန်၊ ဇွန် ၅ 

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ဂေါ်သဇင်လမ်းဘေးရှိ ရေမြောင်းထဲတွင် ဇွန်လ ၄ ရက် နံနက် ၈ နာရီခန့်က အရက်သေစာသောက်စားပြီး နေအိမ်သို့ စက်ဘီးစီးပြန်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေမြောင်းထဲ ထိုးကျသေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

မြောင်းထဲထိုးကျသေဆုံးသူမှာ ယင်းနေရာအနီးတွင်နေထိုင်သူ ကိုလှမင်းဦးဖြစ်ပြီး အလျား ၁၄ ပေ၊ အနံ ၈ ပေ၊ ရေအနက် ၃ ပေခန့်ရှိ လမ်းဘေးရေမြောင်းအတွင်းသို့ စက်ဘီးဖြင့် အရှိန်လွန်ထိုးကျရာက ပြန်မထနိုင်ဘဲ အနောက်မှ အရှေ့သို့ မျက်နှာမူကာ မှောက်လျက်အနေအထားဖြင့် ရေနစ်သေဆုံးခဲ့ရာ ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး ရွှေပြည်သာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

“နေအိမ်ကို ရောက်ခါနီး မြောင်းထဲထိုးကျသွားတာ။ အရက်ကလည်း သောက်ထားတဲ့အရှိန်နဲ့ဆိုတာ့ ပြန်မထနိုင်ဘဲ ရေနစ်သေဆုံးသွားတာပါ။ အဲလိုထိုးကျတဲ့အချိန်မှာ ပတ်ဝန်းကျင်ကနေ ဆွဲထူဆယ်ပေမယ့် အသက်မရှိတော့ဘူး။ တခြားပြင်ပလည်း ဒဏ်ရာမတွေ့ရပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ မီးရထားသံလမ်းဘေးရှိ အကျယ် ၁၅ ပေ၊ ရေ အနက် ၃ ပေခန့်ရှိ ရေမြောင်းကို ဖြတ်ကူးသည့် အတက်ရောဂါရှိသူ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ရေမြောင်းကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ပြီး ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကာ ယင်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေသည်။

J-16



FOLLOW US