News

POST TAGGED AS

လေကြောင်းလိုင်း

အဲမန္တလေးလေကြောင်းလိုင်း အရှုံးပေါ်၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်း
ရန်ကုန်၊ စက်တင်ဘာ ၎

ဆယ်စုနှစ်နှစ်ခုကျော်ကြာ ပြည်တွင်းခရီးစဉ်များနှင့် စင်းလုံးငှားခရီးစဉ်များ ပြေးဆွဲလျက်ရှိသော အဲမန္တလေး လေကြောင်းလိုင်းသည် ပြည်တွင်း ဈေးကွက်တွင် အရှုံးပေါ်သဖြင့် လေယာဉ်ပျံသန်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း စက်တင်ဘာလ ၄ ရက်က ထုတ်ပြန်လိုက်သည်။

“ဘယ်တော့ ပြန်ပြေးဆွဲမလဲဆိုတာတော့ မပြောနိုင်သေးဘူး။ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်း လုပ်ငန်းပြန်လည် ဖွဲ့စည်းပြီးရင်တော့ ပြန်ဆွဲမှာပါ။ ဈေးကွက်အနေအထားနဲ့ အစိုးရဘက်က လေကြောင်းဆိုင်ရာ မူဝါဒပိုင်းတွေမှာ ပြန်လည်ကူညီပံ့ပိုးမှုတွေ လိုတာပေါ့”ဟု အဆိုပါလေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေသန္တာဝင်းက ဆိုသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ ပြည်တွင်း၌ လေကြောင်းလိုင်း လိုင်စင်အသစ်များကို ခွင့်ပြုချထားပေးခဲ့ခြင်းကြောင့် အကျိုးဆက်အနေနှင့် ပြည်တွင်းလေကြောင်းလိုင်းများစွာ ပေါ်ထွက်လာစေပြီး လေယာဉ်စီးနင်းသည့် ဈေးကွက်တွင် ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားလာ၍ ဈေးကွက်ပြိုင်ဆိုင်မှုများ ပြင်းထန်လာခဲ့ရာ အဲမန္တလေး လေကြောင်းလိုင်းအနေနှင့် ကြီးစွာသောအရှုံးကို ခံစားရလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစိုးရက ဒီထက်ပိုပံ့ပိုးရမလား။ အကြွေးတွေအများကြီးကို နှစ်နဲ့ချီပြီး ဆိုင်းငံ့ထားတယ်။ ပျံသန်းပြေးဆွဲမှု ရပ်နားရင်တော့ အနည်းဆုံး ရက်ခြောက်ဆယ်အထိ ရပ်နားလို့ရတယ်။ အဲဒီထက်ကျော်ရင်တော့ ပျံသန်းခွင့်ကို ခဏရပ်တာတို့ ရုပ်သိမ်းတာတို့တော့ လုပ်လို့ရတယ်”ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အောင်က ဆိုသည်။

လေကြောင်းလိုင်း လုပ်ငန်းသည် အကျိုးအမြတ်ထက် အရှုံးနှင့် အများစုရင်ဆိုင်ရသည့် လုပ်ငန်းဖြစ်သောကြောင့် ငွေကြေးရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားရန်လိုကြောင်း၊ အရှုံးကို တောင့်ခံနိုင်ရန် လေကြောင်းလိုင်း၏ ဈေးကွက်ဗျူဟာ ကောင်းမွန်ရန်လိုကြောင်း လေကြောင်းလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

ရန်ကုန်-တာချီလိတ်နှင့် ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်များကို ပြေးဆွဲနေသော အဲမန္တလေး လေကြောင်းလိုင်းသည် စက်တင်ဘာလ ၄ ရက် နောက်ပိုင်း ခရီးစဉ်များအတွက် ကြိုတင်လေယာဉ်လက်မှတ် ဝယ်ယူထားသူများအား လေယာဉ်လက်မှတ်ခများ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည့် FMI လေကြောင်းလိုင်းသည် ဇူလိုင်လက ရပ်နားသွားခဲ့ပြီးနောက် အဲမန္တလေး လေကြောင်းလိုင်းသည် ယခုနှစ်အတွင်း ဒုတိယမြောက်ရပ်နားသည့် ပြည်တွင်းလေကြောင်းလိုင်းဖြစ်သည်။

ယခုနှစ်အတွင်း Air Bagan နှင့် Apex လေကြောင်းလိုင်းနှစ်ခုမှ လုပ်ကိုင်ခွင့် ပြန်လည်အပ်နှံခဲ့ပြီး Asia Wings လေကြောင်းလိုင်းမှလည်း ခရီးစဉ်အချို့ ရပ်နားမှုများ ရှိခဲ့သည်။

မြန်မာပြည်တွင် ရှိနေသော လေယာဉ်စီး ခရီးသည် အရေအတွက်သည် နည်းပါးလျက်ရှိပြီး ရှိနေသည့် လေကြောင်းလိုင်းများမှာ ပိုမိုများပြားသည့်အတွက် ရေရှည်တွင် ရပ်တည်ရန် ခက်ခဲနိုင်ကြောင်း၊ ယင်းအတွင်း ခရီးစဉ်တူသည့် လေကြောင်းလိုင်းများ အကျိုးတူပူးပေါင်းပြေးဆွဲသင့်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက မှတ်ချက်ပြု ပြောကြားထားသည်။

ယခုနှစ်မိုးရာသီအတွင်း အဲကမ္ဘောဇ လေကြောင်းလိုင်းနှင့် ရွှေမြန်မာ လေကြောင်းလိုင်းသည်လည်းကောင်း၊ မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့သည်လည်းကောင်း ခရီးစဉ်အချို့ကို အကျိုးတူပူးပေါင်း ပြေးဆွဲမှုများရှိသည်။

J-14



FOLLOW US