News

POST TAGGED AS

လေကြောင်းလိုင်း

ပြည်တွင်းလေကြောင်းလိုင်းနှစ်ခု ထားဝယ်-မော်လမြိုင်ခရီးစဉ် ယနေ့မှစ၍ အရေးပေါ်ပြေးဆွဲ
ရန်ကုန်၊ ဇူလိုင် ၂၉

ရေကြီး၊ ရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသော ထားဝယ်နှင့် မော်လမြိုင်မြို့များသို့ ပြည်တွင်းလေကြောင်း လိုင်း၂ လိုင်း ယနေ့ (ဇူလိုင် ၃၀ ရက်) မှစ၍ အရေးပေါ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းများက သတင်းထုတ်ပြန်သည်။

အဆိုပါ လေကြောင်းလိုင်းများမှာ ယင်းခရီးစဉ်များကိုပုံမှန်ပြေးဆွဲလျက်ရှိသော မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အထက်မြန်မာပြည်ခရီးစဉ်ကို ပြေးဆွဲနေသော မန်းရတနာပုံလေကြောင်းလိုင်းတို့ဖြစ်သည်။

မန်းရတနာပုံ လေကြောင်းလိုင်းသည် ရန်ကုန်-ထားဝယ်ခရီးစဉ်ကို ဇူလိုင် လ ၃၀မှစ၍ တစ်ပတ်ကြာ နံနက်ပိုင်း အသွားအပြန် တစ်ခေါက်ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို ဇူလိုင် လ ၃၀ ရက်တွင် ပြေးဆွဲမည်ဖြစ်သော်လည်း နောက်ပိုင်းဆက်လက်ပြေးဆွဲရန် အချိန်ဇယားနှင့်ပြေးဆွဲမည့်ရက် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း တာဝန်ရှိသူက ပြောကြားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာ၊ ကြာသာပတေး၊ စနေ ပုံမှန်ပြေးဆွဲခဲ့ပြီး ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်တွင် တစ်ရက်သုံးခေါက် ပြေးဆွဲမည်ဖြစ်ကြောင်း၊ နေစဉ်ပြေးဆွဲလျက်ရှိသော ရန်ကုန်-ထားဝယ်ခရီးစဉ်ကို အဆိုပါရက်တွင် နောက်ထပ်တစ်ခေါက်စီတိုးပြေးမည်ဟု အဆိုပါလေကြောင်းလိုင်း ဒါရိုက်တာအဖွဲ့ဝင် ဦးလှဌေးအောင်က ပြောကြားသည်။

အဆိုပါခရီးစဉ်များအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR-၇၂ အမျိုးအစားလေယာဉ်ကို အသုံးပြုပြေးဆွဲမည့် ခရီးစဉ်တစ်ခုလျှင် ပျမ်းမျှလူဦးရေ ၇၀ကျော် တင်ဆောင်နိုင်မည်ဖြစ်သည်။

မန်းရတနာပုံ လေကြောင်းလိုင်းအနေဖြင့် ၂၀၁၄ခုနှစ်က စတင်ပျံသန်းခဲ့ပြီး ရန်ကုန်၊မန္တလေး၊ညောင်ဦး၊ ဟဲဟိုး၊ သံတွဲ၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ကော့သောင်း၊ မြစ်ကြီးနားခရီးစဉ်များကို ATR ၇၂-၆၀၀ လေယာဉ်အမျိုးအစား နှစ်စင်းဖြင့် နေ့စဉ်ပျံသန်းပြေးဆွဲလျက်ရှိသည်။

လက်ရှိတွင် ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်စသည့် နေရာအနှံတွင် ရေကြီးမှုများကြောင့် ကားလမ်းနှင့်ရထား လမ်းများကိုပိတ်ထားရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများရှိနေသည်။

J-06



FOLLOW US