News

POST TAGGED AS

ရွှေ့ပြောင်းအလုပ်သမား

သတ်မှတ်လုပ်ခမရသူ အလုပ်သမားများ အလုပ်ရှင်ကို တရားစွဲမည်ဟုပြော
ရန်ကုန်၊ ဇန်နဝါရီ ၂၈

သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှုန်းထားအတိုင်း လစာ ၂ နှစ်ထိ မရသည့် အလုပ်သမားများအတွက် လစာများ ပြန်ပေးရန် Star World ပလတ်စတစ်စက်ရုံလုပ်ငန်းရှင်ကို လှိုင်သာယာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အမိန့်ချခဲ့သော်လည်း မလိုက်နာသဖြင့် တရားစွဲရန် စီစဉ်မည်ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် ကိုအောင် သီဟစိုးက ပြောကြားသည်။

လှိုင်သာယာမြို့နယ် မကွေးလမ်းရှိ Star World ပလတ်စတစ်စက်ရုံမှ လုပ်သားများ အနည်းဆုံးအခကြေးငွေ မရရှိသဖြင့် နစ်နာမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၇ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရုံးတွင် ပြုလုပ်ခဲ့သည်။

“အချိန်ပိုကြေး၊ ကျွမ်းကျင်ကြေးတွေကို ပြည့်ပြည့်ဝဝ ရချင်တယ်။ အလုပ်ရုံ အလုပ်သမားဥပဒေ စစ်ဆေးချက်ကို အလုပ်ရှင်က လိုက်နာမှုမရှိဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး။ အဲဒီအတွက် တရားစွဲသွားပါမယ်။ ဒီသတင်းစာရှင်းလင်းပွဲအပြီး အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပါမယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၅ စက်တင်ဘာ၌ အစိုးရသတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကျပ် စတင်သတ်မှတ်ကတည်းက ၂ နှစ်နီးပါးထိ အစိုးရသတ်မှတ်ပေးသော လစာမရသည့်အတွက် အလုပ်သမား ၁၀၀ ခန့်က ၂၀၁၇ နိုဝင်ဘာလတွင် လှိုင်သာယာ အလုပ်သမားညွှန်ကြားရေးမှူးရုံးသို့ တိုင်ကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့တိုင်ကြားပြီးနောက်ပိုင်း အလုပ်သမားများ၏လစာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှစ၍ အနည်းဆုံး အခကြေးငွေ ၃၆၀၀ နှုန်းထားအတိုင်း လုပ်ငန်းရှင်ဘက်က ပေးခဲ့သော်လည်း ယခင်အလုပ်သမားများ၏ ရပိုင်ခွင့်ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ လုပ်သက်ကြေး၊ အချိန်ပိုကြေးတို့ကို ဖြတ်တောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် ၂၀၁၈ ဇန်နဝါရီလ ၁၈ ရက် အလုပ်သမားညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားချက်တွင် အလုပ်သမားများ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ လုပ်သက်ကြေးများကို ၃၆၀၀ နှုန်းဖြင့် နစ်နာခဲ့သည့် ၂ နှစ်စာကို ပြန်ပေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“အခုတောင်းဆိုမှုတွေလုပ်တဲ့ ခေါင်းဆောင်ပိုင်းသုံးယောက်ကို အလုပ်က ထုတ်လုပ်တယ်။ ကျွန်မဆို လုပ်သက်သုံးနှစ်ကျော်ကို ဒီလ ၁၂ ရက်က အလုပ်က ထုတ်လိုက်တယ်။ အစမ်းခန့်ကလေးတွေက ကျွန်မတို့တောင်းဆိုတာကို ထောက်ခံလို့ အစမ်းခန့်ခေါင်းစဉ်နဲ့ ကလေးတွေ အလုပ်ထုတ်လိုက်တယ်”ဟု အလုပ်သမားခေါင်းဆောင် မမျိုးမျိုးမြင့်က ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယင်းစက်ရုံသို့ The Voice က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် စက်ရုံမှူး ဦးဝင်းတင်က “ကျွန်တော်တို့ လုပ်ငန်းရှင်က သတင်းစာရှင်းလင်းပွဲလုပ်ပေးပါမယ်။ တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့လောက် လုပ်မယ်။ အခု စက်ရုံထဲမှာ ဖြစ်ပျက်နေတာတွေကို စက်ရုံထဲမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားပါမယ်”ဟု ဆိုသည်။

ယင်းပလတ်စတစ်စက်ရုံကို လှိုင်သာယာမြို့နယ်တွင် ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

J-18



FOLLOW US