News

POST TAGGED AS

ရေဒါစနစ်

အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုတွင် အဆင့်မြင့်ရေဒါများ ယခုနှစ်အတွင်း တပ်ဆင်ရန် စီစဉ်
ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင် လေကြောင်း စောင့်ကြည့်သည့် အဆင့်မြင့် ရေဒါစက် (Primary radar) များကို ဂျပန်နိုင်ငံ၏အထောက်အပံ့ဖြင့် ယခုနှစ်အတွင်း တပ်ဆင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးသန့်စင်မောင်က ပြောကြားသည်။

“Primary radar တွေကို ဒီနှစ်ထဲမှာ တပ်ဖို့စီစဉ်နေတယ်။ ဂျပန်အစိုးရကလည်း အကုန်လုံးလုပ်ပေးဖို့ စီစဉ်နေတယ်။ ဘယ်လိုအရာမျိုး တပ်သင့်လဲဆိုတာကို အသေးစိတ်စီစဉ်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုနေသော လေကြောင်းစောင့်ကြည့်သည့် ရေဒါစက်များသည် နည်းပညာပိုင်းအရ ပျံသန်းသွားသည့် လေယာဉ်များမှ သတင်းပေးပို့မှသာ ဖမ်းယူနိုင်ကြောင်း၊ ပြောင်းလဲတပ်ဆင်မည့် အဆင့်မြင့်ရေဒါ (Primary radar) စက်များသည် ပျံသန်းသွားသည့် လေယာဉ်တိုင်းကို မြေပြင်မှတစ်ဆင့် တိုက်ရိုက် ဖမ်းယူစောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း ဦးသန့်စင်မောင်က ဆက်လက်ရှင်းပြသည်။

“ဒီရေဒါတွေ တပ်တယ်ဆိုတာက မြန်မာနိုင်ငံကို ဖြတ်ကျော်ပျံသန်းသွားတဲ့ လေယာဉ်တိုင်းကို သိနိုင်မယ်။ လေကြောင်းဖြတ်သန်းတဲ့ လေယာဉ်တွေကို ဖြတ်သန်းခကောက်တာတို့ ဝန်ဆောင်မှုပေးတာတို့ ပိုလုပ်နိုင်မှာဖြစ်တယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းက ဆိုသည်။

အဆိုပါအဆင့်မြင့်ရေဒါစက်များ တပ်ဆင်နိုင်ရန် ဂျပန်နိုင်ငံမှ ပညာရှင်အဖွဲ့က ယခုလအတွင်း လေဆိပ်များတွင် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပျံသန်းလျက်ရှိသည့် လေယာဉ်အခြေအနေများကို စစ်တမ်းကောက်ယူမည်ဖြစ်ပြီး တပ်ဆင်သင့်သည့် ရေဒါများကို ရွေးချယ်မည်ဖြစ်ကြောင်း ဦးအောင်ရဲထွန်းထံမှ သိရသည်။

J-14



FOLLOW US