News

POST TAGGED AS

မှော်ဘီမြို့

မိုးကုတ်ဆရာတော်၏ တရားတော်များကို ကျောက်ထက်အက္ခရာတင်


စစ်ကိုင်း၊ ဇွန် ၆

မိုးကုတ်ဆရာတော်ကြီး ဟောကြားခဲ့သည့် သစ္စာလေးပါးတရားတော်များကို ကျောက်ထက်အက္ခရာတင်၍ ဓမ္မစေတီများအဖြစ် တည်ထားမည်ဖြစ်ကြောင်း ဓမ္မစေတီတည်ဆောက်နေသော ဆောက်လုပ်ရေးအဖွဲ့ထံမှ သိရသည်။

မိုးကုတ်ဆရာတော် ဟောကြားထားခဲ့သည့် သစ္စာလေးပါးတရားတော် အပုဒ်ရေ ၁၃၅၀ ကျော်ကို ကျောက်ထက်အက္ခရာတင်ကာ ဓမ္မစေတီအဆူ ၁၃၅၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဆရာတော်ကြီး၏ တရားတော်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးအဖွဲ့တာဝန်ခံ ဦးအောင်မောင်းက ပြောကြားသည်။

“လူတွေ ကျွတ်တမ်းဝင်တဲ့တရားက ဒီတရားပဲရှိတယ်။ အသံဖမ်းထားတဲ့ တိပ်ခွေတို့ စီဒီတို့က နှစ် ၂၀ လောက်ပဲခံနိုင်တယ်။ ဒီအခါမှာ ရှေးမူအတိုင်း ကျောက်ထက်အက္ခရာတင်တာက နှစ်ပေါင်းရာချီခံမယ်”ဟု ၎င်းက ရှင်းပြသည်။

ကျောက်ထက်အက္ခရာတင်စေတီ တည်ထားမှုကို နိုင်ငံတော်မဟာကမ္မဋ္ဌာနာစရိယ၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ကြီး၏ မဟာဓမ္မကထိက ဘဒ္ဒန္တသုမန (မဟာထေရ်) ၏ ဩဝါဒလမ်းညွှန်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အက္ခရာတင် စေတီတင်ခြင်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဧပြီလက စတင်ခဲ့ရာ လက်ရှိတွင် အဆူ ၂၀၀ ကျော် ပြီးနေပြီဖြစ်ကြောင်း၊ ကျောက်စာ အမြင့် ခြောက်ပေ၊ အနံ သုံးပေရှိ စကျင်ကျောက်ပြားများပေါ်တွင် ရေးထိုးထားခြင်းဖြစ်ကြောင်း၊ ဓမ္မစေတီများ၏ဉာဏ်တော်မှာ ကိုးပေရှိပြီးမြေပြင်မှ ထီးတော်အထိ စုစုပေါင်း ပေ ၂၀ ခန့်ရှိမည်ဖြစ်ကြောင်း၊ ဓမ္မစေတီတစ်ဆူလျှင် ကျပ်သိန်း ၇၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးအဖွဲ့ထံမှ သိရသည်။

မိုးကုတ်ဆရာတော်၏ တရားတော်များကို ကျောက်ထက်အက္ခရာတင်ထားသည့် ဓမ္မစေတီများကို စစ်ကိုင်းမြို့ တောင်ဖီလာတောင် မြောက်ဘက် စစ်ကိုင်းတောင်ရိုးမြောက်ပိုင်းရှိ ရှင်သီဝလိတောရ ရိပ်သာကြီးတွင် ထားရှိမည်ဖြစ်သည်။ 

M-05



FOLLOW US