News

POST TAGGED AS

ဒေါ်နယ်ထရမ့်

သတင်းမီဒီယာများကို ပြည်သူ့ရန်သူဟုဒေါ်နယ်ထရမ့်၏ ဝေဖန်ချက်ကို အမေရိကန်သတင်းစာများ အယ်ဒီတာ့အာဘော် ဝိုင်းရေးကာ တုံ့ပြန်


ဝါရှင်တန်၊ ဩဂုတ် ၁၆

အမေရိကန်မီဒီယာအဖွဲ့အစည်း အချို့ကို အမေရိကန်ပြည်သူများ၏ ရန်သူများသဖွယ် သမ္မတဒေါ်နယ်ထရမ့်က နှိမ်ချပြောဆိုခဲ့မှုနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုတစ်လွှားတွင် ထုတ်ဝေလျက်ရှိသော သတင်းစာများက အယ်ဒီတာ့ အာဘော်များမှတစ်ဆင့် ပြစ်တင်ဝေဖန် သုံးသပ်ကာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

Boston Globe နှင့် New York Times တို့အပါအဝင် အခြားဆိုက်စုံ သတင်းစာပေါင်း ၃၅၀ ကျော်ခန့်က သမ္မတထရမ့်ကို ဝေဖန်ခဲ့ကြသည်။ ယင်းထဲတွင် ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲတုန်းက ဒေါ်နယ်ထရမ့် အနိုင်ရရှိသွားခဲ့သော ပြည်နယ်များမှ သတင်းစာများလည်း ပါဝင်သည်။ 

Boston Globe သတင်းစာ၏ အယ်ဒီတာ့အာဘော်ကမူ သမ္မတထရမ့်သည် လွတ်လပ်သောသတင်းမီဒီယာများအပေါ် ဆိုးရွားစွာ ထိုးနှက်တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲသည်။ 

“အမေရိကန်ပြည်ထောင်စု၏ ကြီးမြတ်မှုသည် လွတ်လပ်သောသတင်းမီဒီယာများ၏ အခန်းကဏ္ဍပေါ်တွင် မှီခိုနေခြင်းဖြစ်သည်။ သတင်းမီဒီယာကို ပြည်သူ၏ ရန်သူဟု တံဆိပ်ကပ်ရန် ကြိုးပမ်းခြင်းသည် ရာစုနှစ် ၂ ခုကျော်ကြာမျှ ကျွန်ုပ်တို့ အတူတကွ မျှဝေခံစားခဲ့ကြသည့် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုအတွက် ကြီးမားသော အန္တရာယ်ဖြစ်သလို အမေရိကန်မဆန်သောလုပ်ရပ်လည်း ဖြစ်ပေသည်” ဟု ယင်းသတင်းစာက ဒေါ်နယ်ထရမ့်ကို တည့်တိုးဝေဖန်သည်။ 

အမေရိကန်ဖွဲ့အစည်းပုံအခြေခံဥပဒေတွင် ပထမဆုံးပြင်ဆင်ဖြည့်စွက်ခဲ့သည့် အရေးကိစ္စမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အခိုင်အမာခွင့်ပြုပေးရေးပင် ဖြစ်သည်။ 

သမ္မတထရမ့်က အမေရိကန် သတင်းစာဆရာများနှင့် မီဒီယာများ၏ ရေးသားချက်များနှင့် ထင်မြင်သုံးသပ်ချက်များသည် ၎င်း၏ မူဝါဒရပ်တည်ချက် သို့မဟုတ် အမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက်ရှိပြီး သတင်းတုများကိုသာ ဖော်ပြကြသည်ဟု မကြာခဏဝေဖန်ခဲ့သည်။ 

“တကယ်က ဒီမှာသတင်းမီဒီယာတွေဟာ လွတ်လပ်စွာရေးသားနိုင်ကြတယ်၊ သူတို့လိုချင်တာ၊ ဖြစ်ချင်တာမှန်သမျှကို ပြောခွင့်ရထားတယ်။ ဒါပေမဲ့ သူတို့ ပြောတဲ့ဟာများစုဟာ သတင်းတုတွေ ချည်းပဲ။ နိုင်ငံရေးအာဂျင်ဒါတစ်ခု ထွက်လာအောင်တွန်းတာ၊ ဒါမှမဟုတ်ရင်လည်း ပြည်သူတွေကို ထိခိုက်နစ်နာအောင် ဗြောင်ကျကျ ကြိုးပမ်းနေတာပါပဲ။ ရိုးသားမှုသာ အနိုင်ရမယ်” ဟု ထရမ့်က ကြာသပတေးနေ့က Twitter တွင် ရေးသားထားသည်။ 

အမေရိကတွင်သာမက ကမ္ဘာ့မီဒီယာအသိုင်းအဝိုင်းကြား နာမည်ကြီးသည့် သတင်းစာတစ်စောင်ဖြစ်သော New York Times ၏ အယ်ဒီတာ့အာဘော်က သတင်းတစ်ပုဒ် မှားယွင်းစွာ ရေးသားဖော်ပြထားသည်ဆိုလျှင်သော်လည်းကောင်း၊ သတင်းတစ်ပုဒ်ကို အလွန်အမင်း အမွှန်းတင်ရေးသားခြင်း သို့မဟုတ် အရေးမပါသယောင် မှေးမှိန်ထားခြင်းတို့ လုပ်ထားလျှင်သော်လည်းကောင်း ယင်းနှင့်သက်ဆိုင်သည့် မီဒီယာကို ဝေဖန်ပိုင်ခွင့်ရှိသည်။ 

“သတင်းထောင်များနှင့် သတင်းအယ်ဒီတာ့များသည် လူသားများသာဖြစ်ကြရာ အမှားအယွင်းဆိုသည်မှာရှိမည်သာ ဖြစ်သည်။ ၎င်းတို့၏အမှားကို ပြင်ဆင်ပေးခြင်းသည် ကျွန်ုပ်တို့ လုပ်ငန်း၏ ပင်မ အရေးကြီးသည့် လုပ်ရပ်ပင်ဖြစ်သည်။ သို့သော် သင် မနှစ်သက်၊ မနှစ်မြို့သော အမှန်တရားများကို သတင်းမှားများအဖြစ် မရမက သတ်မှတ်နေခြင်းသည် ဒီမိုကရေစီစနစ် အသက်ဆက်နိုင်ရေးအတွက် အန္တရာယ်တစ်ရပ်ပင်ဖြစ်တော့သည်။ သတင်းစာဆရာများကို ရန်သူဟု ခေါ်ခြင်းသည် အန္တရာယ်ကြီးမားလှပေသည်” ဟု New York Times က ဖော်ပြသည်။ 

F-01



FOLLOW US