News

POST TAGGED AS

ဒေါ်နယ်ထရမ့်

ကြိုတင်သတ်မှတ်ချက်များမပြုလုပ်ဘဲ ရိုဟာနီနှင့်တွေ့ဆုံရန် ဆန္ဒရှိဟု ထရမ့်ပြော


ဝါရှင်တန်၊ ဇူလိုင် ၃၁

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေနှင့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့်တွေ့ဆုံရန် ဆန္ဒရှိကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ကြိုတင်သတ်မှတ်ချက်များ မပါဝင် (မပြုလုပ်) ဘဲ တွေ့ဆုံလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ 

၂၀၁၅ ခုနှစ်က အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနှင့် အီရန်နိုင်ငံအကြား ရရှိခဲ့သည့် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ရန် သမ္မတထရမ့်က ဆုံးဖြတ်ခဲ့ပြီးနောက် တီဟီရန်နှင့် ဝါရှင်တန် အကြားဆက်ဆံရေး ကမောက်ကမဖြစ် နေစဉ် ထရမ့်က ရိုဟာနီနှင့်တွေ့ဆုံလိုကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

သမ္မတထရမ့်နှင့် ရိုဟာနီတို့သည် ပြီးခဲ့သည့် သီတင်းပတ်က အပြန်အလှန် စကားလုံးစစ်ထိုးမှုများ၊ ပြစ်တင်ပုတ်ခတ်မှုများပြုလုပ်ခဲ့ရာ ဝါရှင်တန်နှင့် တီဟီရန် ဆက်ဆံရေးသည် အဆိုးဆုံးအဆင့်သို့ ရောက်သလိုဖြစ်ခဲ့ရသည်။ 

ဇူလိုင်လ ၃၀ ရက် (တနင်္လာနေ့) တွင်မူ သမ္မတထရမ့်က မိမိအနေနှင့် ကြိုတင်သတ်မှတ်ချက်များမပါဝင်ဘဲ အီရန်ခေါင်းဆောင်နှင့် တွေ့ဆုံလိုသည်ဟု ပြောဆိုလိုက်သည်။ 

“ကျွန်တော်အီရန်ခေါင်းဆောင်နဲ့ သေချာပေါက်တွေ့မယ်။ သူတို့ဘက်က တွေ့ချင်တဲ့ဆန္ဒရှိရင်ပေါ့။ သူတို့ဘက်က အဆင်သင့်ဖြစ်၊ မဖြစ်ဆိုတာ ကျွန်တော်မသိပါဘူး။ ခုချိန်ဟာ သူတို့အတွက် ခက်ခဲဆုံးအချိန်ဖြစ်လိမ့်မယ်” ဟု သမ္မတထရမ့်က အီတလီဝန်ကြီးချုပ်နှင့်အတူပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ 

“ဘယ်သူနဲ့ဖြစ်ဖြစ် ကျွန်တော်တွေ့မယ်၊ တွေ့ဆုံမှုအတွက် ဘာတစ်ခုမှ လွဲချော်မှားယွင်းစရာမရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယင်းသို့တွေ့ဆုံခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းစေရုံမျှမက ကမ္ဘာကြီးအတွက်လည်း အကျိုးရှိကြောင်း၊ ကြိုတင်သတ်မှတ်ချက်များ မပါဝင်ဘဲ တွေ့ဆုံသင့်ကြောင်း သမ္မတထရမ့်က ဆိုသည်။ 

သမ္မတထရမ့်သည် အမေရိကန်အစိုးရက အီရန်နိုင်ငံအပေါ် ပိတ်ဆို့ကန့်သတ်မှုများ ပြဋ္ဌာန်းသတ်မှတ်ရန် ပြင်ဆင်နေချိန်တွင် ယင်းသို့ သမ္မတရိုဟာနီနှင့် တွေ့ဆုံလိုကြောင်း ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ အမေရိကန်တို့သည် ဩဂုတ်လမှစ၍ အီရန်၏ စွမ်းအင်တင်ပို့ရောင်းချမှုကို ဒဏ်ခတ်အရေးယူရန် ပြင်ဆင်လျက်ရှိသည်။

သမ္မတထရမ့်သည် ယခုနှစ်ဆန်းပိုင်းက အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ရာ အီရန်နှင့်ရထားသော နျူကလီးယား သဘောတူညီချက်ကို ထိန်းသိမ်းလိုသည့် ဥရောပမဟာမိတ်နိုင်ငံများ အခက်တွေ့ခဲ့ရသည်။ 

ယခုလို အီရန်သမ္မတနှင့် တွေ့ဆုံလိုကြောင်း ထရမ့်က ထုတ်ဖော်ပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကထရမ့်နှင့် သဘောထားချင်း ဆန့်ကျင်သည့် ပြောဆိုမှုမျိုးကို ပြောဆိုခဲ့သည်။ 

“တကယ်လို့ အီရန်ဘက်က အခြေခံကျတဲ့အပြောင်းအလဲတွေလုပ်ပြီး နျူကလီးယား မပြန့်ပွားရေးအတွက် အမှန်တကယ် လုပ်ဆောင်ပါမယ်လို့ သဘောတူမယ်ဆိုရင် သမ္မတကြီးအနေနဲ့လည်း အီရန်သမ္မတနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီးဆွေးနွေးဖို့ အသင့်ရှိနေမှာပဲ ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဆိုသည်။

F-01



FOLLOW US