News

POST TAGGED AS

ဒေါက်တာအေးမောင်

ဒေါက်တာအေးမောင်တို့ ဟောပြောခဲ့သော အသံဖိုင်ကို လာမည့်ရုံးချိန်း၌ တရားရုံးတွင်ဖွင့်၍ ဘာသာပြန်မည်
စစ်တွေ၊ ဇူလိုင် ၃၀ 

အမှုသုံးခုဖြင့် တရားစွဲဆိုခံရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ရခိုင်ဘာသာဖြင့် ဟောပြောခဲ့သော အသံဖိုင်ကို လာမည့်ဩဂုတ်လ ၆ ရက်နေ့ရုံးချိန်းတွင် တရားခွင်၌ဖွင့်ကာ ဘာသာပြန်၍ မှတ်တမ်းတင်မည်ဖြစ်ကြောင်း တရားစွဲခံရသူများ၏ အကျိုးဆောင် ရှေ့နေများထံမှသိရသည်။ 

“လက်ရှိ တရားရုံးအမှုတွဲထဲမှာ ရဲကတင်ပြထားတာက ဗမာစကားနဲ့ တင်ပြထားတာ၊ ရခိုင်ဘာသာစကားကို ဗမာစကားနဲ့ ဘာသာပြန်ဆိုမှုဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ပြန်တာမဟုတ်ဘူး။ ရဲကနေ သူ့ဘာသာသူ ပြန်ထားတာဆိုတော့ ဒီပြန်ဆိုချက်ဟာ ခိုင်မာမှုရှိ၊ မရှိ မှန်၊ မမှန်ဆိုတာကို အများရှေ့မှာဖွင့်ပြပြီးတော့ မှတ်တမ်းတင်မယ်”ဟု ဒေါက်တောအေးမောင်၏ အကျိုးဆောင်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

ဇူလိုင်လ ၃၀ ရက် ရုံးချိန်းတွင် အမှုစစ်ရေးအရာရှိ ဒုရဲမှူးကျော်နုကို စစ်ခဲ့ပြီး သက်သေခံအဖြစ် သိမ်းဆည်းထားသော ဟောပြောခြင်း စာသား၊ VCD ခွေ၊ ပိုစတာ စသည့်တို့ သက်သေခံပစ္စည့်တို့ကို တင်ပြခဲ့ကြောင်း၊ လာမည့် ဩဂုတ်လ ၆ ရက် ရုံးချိန်းတွင် အသံဖိုင်ကို ဘာသာပြန်ဆိုပြီး နောက်ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့်ကို တရားရုံးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဒေါက်တာအေးမောင်တို့အား စွဲဆိုထားသည့် အမှုသုံးခု အနက် မတရားအသင်းအမှုအတွင် တရားလိုပြသက်သေ ၁၀ ဦး တရားရုံးက ပယ်ချလိုက်သဖြင့် သက်သေ ၆ ဦးသာ စစ်ဆေးခဲ့သည့်အတွက် လက်ရှိအချိန်တွင် အမှုသုံးခု၏ တရားလို သက်သေအားလုံးကို စစ်ဆေးပြီးစီပြီဖြစ်ကြောင်း ၎င်းထံမှသိရသည်။ 

“တရားရေးမဏ္ဍိုင်ရဲ့အပေါ်မှာ မည့်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ မရှိဖို့လိုတယ်။ တရားရေးမဏ္ဍိုင်ကလည်း အစ်မကြီးဆိုက ဘာများ ညွှန်ကြားချက် လာမလဲဆိုတာမျိုး၊ နို့သက်ခံရတဲ့ ဘဝမျိုးမရှိဖို့လိုတယ်။ နို့သက်ခံရတဲ့ ဘဝမျိုးဆိုတာ မာကျူးဝါ (ရင့်ကျက်သော) မဖြစ်သေးလို့၊ အဲဒီတော့ ရင့်ကျက်ဖို့ ကိုယ့်ဟာကိုလည်း ကြိုးစားရမယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့နယ်၌ ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်းနေ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုနှင့်ပတ်သက်၍ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားသည်။

R-22



FOLLOW US