News

POST TAGGED AS

တောဆင်ရိုင်း

တိုက်ကြီးတွင် တောဆင်ရိုင်းများကြောင့် ကြံစိုက်ဧက ၄၀ ကျော်နှင့် အိမ်တစ်လုံးပျက်စီး
တိုက်ကြီး၊ အောက်တိုဘာ ၁၄

တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ကွမ်းသီးမြောင် ကျေးရွာတွင် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်က တောဆင်ရိုင်း အုပ်စုလိုက် ဝင်ရောက်ကာ ဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄၀ နှင့် အိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ မိသားစုတွေ မနည်း လွတ်အောင် ပြေးလာရတယ်၊ အိမ်နောက်ဖေး မီးဖိုချောင်ထဲကို နှာမောင်းနဲ့ခတ်ပြီး ဆန်ကိုလှမ်းယူတာ၊ သူ့ကိုယ်လုံးနဲ့ဆိုတော့ အိမ်ပါပြိုတယ်၊ အမြန်သာ မပြေးနိုင်ရင် အနင်းခံရမှာ ကျိန်းသေတယ်”ဟု တောဆင်ရိုင်း အဖျက်ခံရသည့် ပိုင်ရှင် ဦးသိန်းအောင်က ပြောကြားသည်။ 

တောဆင်ရိုင်း ၂၅ ကောင်ကျော်ပါသော တောဆင်ရိုင်းအုပ်စုမှာ ကွမ်းသီးမြောင်ရွာတွင်းသို့ ဝင်ရောက်ကာ အစာရှာထွက်ပြီး ၎င်းတို့ လာရာလမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်တစ်လုံးကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းအပြင် ကွမ်းသီးမြောင် ကျေးရွာဒေသခံများ စိုက်ပျိုးထားသော ကြံပင်များကို စားသုံးပြီး ကြံခင်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

တောဆင်ရိုင်းများမှာ ညနေ ၄ နာရီခန့်တွင် အစာရှာထွက်လေ့ရှိပြီး အုပ်စုလိုက် သွားလာတတ်ကြောင်း၊ တောဆင်ရိုင်းများက ဆန်၊ စပါးနှင့် ဆားများကို ရှာဖွေစားသောက်တတ်ပြီး ဒေသခံများနှင့် ထိပ်တိုက်တွေ့ပါက ရန်ရှာတတ်ကြောင်း ဒေသခံများ ပြောကြားသည်။ 

တိုက်ကြီးမြို့နယ်တွင် တောဆင်ရိုင်းကောင်ရေ ၈၀ ကျော် အုပ်စုဖွဲ့ သွားလာတတ်ပြီး ဆောင်းရာသီ စပါးပေါ်ချိန်နှင့် နွေရာသီများတွင် တိုက်ကြီးမြို့နယ် အရှေ့ဘက် ပဲခူးရိုးမ အနောက်ခြမ်းတို့ရှိ ကျေးရွာ များတွင် သွားလာအစာရှာထွက်ကြ ကြောင်း၊ ဆောင်းဦးပေါက် ကြံရာသီပေါ် ချိန်တွင် စမ်းရွာ၊ ကင်းမတီး၊ ကွမ်းသီးမြောင်၊ လဟာမငယ်နှင့် အောင်ချမ်းသာ ကျေးရွာတို့တွင် တောဆင်ရိုင်းများ တွေ့ရတတ်ကြောင်း မြိုင်ဟေဝန် ဆင်စခန်းမှ အသက် ၅၀ ခန့်ရှိ ဆင်ဦးစီးတစ်ဦးက ပြောကြားသည်။

R-19



FOLLOW US