News

POST TAGGED AS

ဆေးခန်း

တရားမဝင် တရုတ်ဆေးခန်းများ ဖမ်းဆီးနိုင်ရေး ကျန်းမာရေးဌာန အကူအညီတောင်း
ရန်ကုန်၊ ဇူလိုင် ၂၆ 

ရန်ကုန်မြို့ရှိ တရားမဝင် တရုတ်ဆေးကုခန်းများ ဖမ်းဆီးနိုင်ရေးအတွက် ပြည်သူလူထုက သတင်းအချက်အလက်ပေးခြင်းဖြင့် ကူညီပေးရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ပြုလုပ်သည့် တရားမဝင် ဆေးကုဂေဟာနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်ဆေးခန်းတွေက လူမှုကွန်ရက်ကို အဓိကအသုံးပြုပြီးတော့ ဆေးကုဖို့ ကြော်ငြာတယ်။ ပြည်သူ့ကျန်းမာရေး ကိစ္စဖြစ်တော့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ပြည်သူလူထုရဲ့ အကူအညီလိုတယ်”ဟု ၎င်းက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော တရားမဝင် ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်ဟု ယူဆရသော ဆေးကုခန်းများကို တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက မင်းနန္ဒာလမ်းရှိ Friendy ဆေးကုခန်းကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မှတ်ပုံတင်ထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဆေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ ဆေးကုခန်း ဒုတိယထပ်၊ တတိယထပ် အခန်းများအတွင်းမှ မှတ်ပုံတင်ထားခြင်းမရှိသည့် တရုတ်စာတန်းပါ သောက်ဆေး၊ ထိုးဆေးများနှင့် အခြားသော ဆေးဝါးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီးနောက် င်္Friendy ဆေးခန်းပိုင်ရှင် ဦးစန်းနွယ် (စုံစမ်းဆဲ) ပိုင်ဆိုင်သည့် ဗမာအေးရပ်ကွက်၊ အေးစေတီလမ်းရှိ ဂိုဒေါင်အတွင်းမှ တရားမဝင် တရုတ်နိုင်ငံထုတ်ဆေးပစ္စည်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ထွက်ပြေးတိမ်းရှောင်နေသော ဆေးခန်းပိုင်ရှင်ဖြစ်သူ (ဦးစန်းနွယ်) ကို အမျိုးသား ဆေးဝါးအက်ဥပဒေ ပုဒ်မ ၁၈ အပါအဝင် ပုဂ္ဂလိကကျန်းမာရေး ဥပဒေ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့်ထားပြီး အမြန်ဆုံးဖမ်းနိုင်ရန် လေဆိပ်များ၌ ၎င်း၏ဓာတ်ပုံကို ဖြန့်ဝေထားကြောင်း ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့မှဒုရဲမှူး ထွန်းလွင်က ပြောကြားသည်။ 

“ဆေးခန်းအဆောက်အအုံက ခြောက်ထပ်ရှိတယ်။ အပေါ်ဆုံးထပ်မှာ ကွန်ပျူတာ ဆယ်လုံးလောက်နဲ့ သူတို့ ပေ့ခ်ျကို လူစိတ်စားမှုရှိအောင်လုပ်တယ်။ ကြော်ငြာတယ်။ Like ပေးသူ၊ မှတ်ချက်ပေးသူ၊ လူနာအရေအတွက်စတဲ့ နေ့စဉ်မှတ်တမ်းပြုစုထားတဲ့ စာအုပ်လည်းတွေ့ခဲ့တယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်းက ဆိုသည်။ 

လက်ရှိတွင် ယင်းဆေးခန်းအဆောက်အအုံကို ချိတ်ပိတ်ထားပြီး သိမ်းဆည်းရရှိသော မြန်မာနိုင်ငံဆေးဝါးဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးပစ္စည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေအပါအဝင် တရားဝင်နေထိုင်သူ တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း ယင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

တရားမဝင် တရုတ်ဆေးခန်း၌ ဆေးဝါးကုသမှုမှတ်တမ်းအရ လူနာတစ်ဦးလျှင် စမ်းသပ်စစ်ဆေးခြင်းနှင့် သောက်ဆေးပေးခြင်းတို့ကို ရက်ပိုင်းအတွင်း ကျပ်သိန်းဆယ်ဂဏန်း အနည်းဆုံး ကုန်ကျမှုရှိကြောင်း လမ်းမတော်မြို့နယ်ရှိ တရုတ်ဆေးခန်းတစ်ခု၌ ခေတ္တလုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးက မှတ်ချက်ပြုသည်။ 

ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ယခုနှစ် ဧပြီလမှစ၍ ရန်ကုန်မြို့ရှိ တရားမဝင် ပုဂ္ဂလိကဆေးခန်းများကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး မရမ်းကုန်းမြို့နယ်နှင့် လမ်းမတော်တို့မှ တရားမဝင် တရုတ်ဆေးခန်းနှစ်ခုကိုလည်း အမှုဖွင့်အရေးယူထားသည်။ 

S-03/J-17




FOLLOW US