News

POST TAGGED AS

ကျောင်းသူ

မကွေးတက္ကသိုလ် ပါမောက္ခချုပ် အာဏာအလွဲသုံးစားလုပ်ဟု သမဂ္ဂစွပ်စွဲ
မကွေး၊ ဩဂုတ် ၇

မကွေးတက္ကသိုလ် ပါမောက္ခချုပ်သည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ချိုးဖောက်ခြင်းနှင့် ကျောင်းသားများနှင့် ဆရာများအပေါ် အာဏာအလွဲသုံးစားပြုခြင်းများ ရှိနေသည်ဟုဆိုကာ အဆိုပါတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက မကွေးမြို့ရှိ ကပ်ကျော်ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းသည် ကျောင်းသား/သူများက မဲပေး၍ တရားဝင် ဖွဲ့စည်းထားသည့် သမဂ္ဂအဖွဲ့ဝင် ၂ ဦးကို အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ပညာရေးနှင့်ပတ်သက်သည့် အစည်းအဝေးများတွင် တက်ရောက်ခွင့် ရရှိစေရန် ပြုလုပ်မပေးခြင်း၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂအတွက် ရုံးခန်းမပေးခြင်း၊ စာသင်ချိန်များလွန်းခြင်း၊ ဆိုင်ကယ်စတန်းကိစ္စများနှင့် ကျောင်းသားကျောင်းသူများ၏ အဆောင်များတွင် အစားအသောက်၊ ရေနှင့် သန့်စင်ခန်းများ သုံးစွဲရမှုတွင် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဦးချမ်းမြေ့ကိုကိုက ပြောကြားသည်။

သို့ရာတွင် ယင်းသို့မကွေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ထိုသို့သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များအပေါ် မူတည်ပြီး ထိခိုက်မှုမရှိအောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့က ဒုတိယမိဘပါ။ မဟုတ်မမှန်တာတွေပြောလို့ ဥပဒေကြောင်းအရ သွားကြကြေးဆို လူကြီးဖြစ်နေတော့ မသင့်တော်ဘူး။ လူကြီးစိတ် မွေးရမှာပါ။ ကျွန်တော်တို့မှာ ဥပဒေရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

“ကျောင်းတက်ချိန်က မနက် ၇ နာရီ ၃၀ မိနစ်ကနေ ညနေ ၅ နာရီအထိ တက်ရတယ်။ စာသင်ချိန်များလွန်းတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေမှာ ပြင်ပသင်တန်းတွေကို လေ့လာသင်ယူခွင့် မရဘူး။ ကျောင်းအချိန်ဇယားကို ဆရာတွေက ပြင်ဆင်ပြီးတင်ပြခဲ့တော့လည်း ပြင်မပေးဘဲ သူ့ (ပါမောက္ခချုပ်) လုပ်ပိုင်ခွင့်အပေါ်မှာလုပ်သွားတာ”ဟု မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌက ပြောဆိုသည်။

မရိုးသားသည့် ပါမောက္ခချုပ်များ၊ ဝန်ထမ်းများရှိနေပါက ဆရာ၊ ဆရာမများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ထုတ်မည်ဖြစ်ပြီး နောင်အခါတွင် ယခုကဲ့သို့ ပြုလုပ်မှုများ ထပ်မံတွေ့ရှိပါက လိုအပ်သလို ပြင်းထန်သည့် တုံ့ပြန်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဦးချမ်းမြေ့ကိုကိုက ဆိုသည်။

R-23



FOLLOW US