News

POST TAGGED AS

ကျောက်မီးသွေး

မင်းဘူးတွင် ကျောက်မီးသွေးတွင်း ပြိုကျမှု လေးဦးသေဆုံး၊ လေးဦးပိတ်မိ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် စကုမြို့၊ ငဖဲ-ရွှေစက်တော် ကားလမ်းဘေး ကျောက်တစ်လုံး မြေနီကွင်းရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တွင်းပြိုကျခဲ့ရာ အလုပ်သမားလေးဦး သေဆုံးခဲ့ပြီး လေးဦး ပိတ်မိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

“မနေ့ကတော့ လူ ၈ ဦး ပိတ်မိသွားတာ၊ နှစ်လောင်းတော့ ဆွဲထုတ်နိုင်ခဲ့တယ်၊ ဒီနေ့ အလောင်းနှစ်လောင်း ထပ်ရတယ်၊ အထဲမှာ လေးယောက် ပိတ်မိနေတုန်းပါ၊ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက် လုပ်နေပါတယ်”ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းကျောက်မီးသွေးတွင်းမှာ မင်းဘူးမြို့ အနောက်မြောက်ဘက် ၄၅ မိုင်ခန့် အကွာ၊ ငဖဲ-ရွှေစက်တော် လမ်းဘေး သုံးမိုင်ခန့်အကွာတွင် တည်ရှိပြီး ဟန်ထက်(၁)ကျောက်မီးသွေး ကုမ္ပဏီပိုင်ဖြစ်ကြောင်း၊ အကျယ် (၅ x ၇)ပေ၊ အနက် ပေ ၂၅၀ ခန့်ရှိကာ ကျောက်မီးသွေး တူးဖော်ရန် အလုပ်သမား ၁၀ ဦးက ဆင်းသွားစဉ် တွင်းဝမှ အနက်ပေ ၃၀ဝ ခန့်ရှိ အောက်ဆီဂျင် လေပြွန်ပိုက်ချုပ်ရိုးပြတ်ထွက်ရာက မြေသားများ ပြိုကျခဲ့ပြီး ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းမီးသတ်ဖွဲ့ထံမှ သိရသည်။

“အောက်ဆီဂျင်ပေးထားတဲ့ လေပိုက်က ချုပ်ရိုး ကွဲထွက်သွားတာ၊ လေရဲ့ တွန်းကန်အားနဲ့အထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၁၀ ယောက်ထဲက လေးယောက်က တွင်းဝကို ရောက်လာတယ်၊ သူတို့လေးယောက်ကအပေါ်မှာ ရှိတဲ့သူတွေက ဝိုင်း ကယ်လိုက်တာ၊ အထဲမှာ ကျန်တဲ့လူတွေကို သွားဆင်းကယ်တဲ့ လူတစ်ယောက်လဲ သေဆုံးသွားတယ်”ဟု အိုင်မနယ်မြေ ရဲစခန်းက တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ယင်းပိတ်မိသည့်နေရာသို့ ငဖဲမြို့ မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်ယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ မကွေးခရိုင်မှ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့မှ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ ည ၉ နာရီခန့်တွင် အသက် ၂၂ နှစ်နှင့် ၃၆ နှစ်အရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

ယင်းကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား အလုပ်သမား တစ်ဦး အအပါဝင် မြန်မာအမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦးကို ငဖဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရသည်။

J-16



FOLLOW US