News

POST TAGGED AS

ကျောက်မီးသွေးတွင်း

ကလေးဝတွင် ကျောက်မီးသွေးတွင်းပြို၍ ၅ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
ကလေး၊ ဩဂုတ် ၄ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာအနီး ကျောက်မီးသွေးဥမင်လိုဏ်ခေါင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ပြိုကျခဲ့ရာမှ ပိတ်မိနေသည့် လူငါးဦး အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာရရှိခဲ့၍ ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူနေရကြောင်း ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။ 

ဩဂုတ်လ ၂ ရက်နေ့ ည ၁၁ နာရီကျော်က ကလေးဝမြို့နယ် သစ်ချောက်ဒေသရှိ ထွန်းသွင်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ၏ ရွှေပေါက်ပေါက် မြေအောက်တူးဖော်ရေးလုပ်ကွက်၌ တွင်းအဝမှမြေအောက် ပေ ၆၃၀ တွင် ကျောက်မီးသွေးကြောအတွင်းမှ မီသိန်းဓာတ်ငွေ့ပွင့်ထွက်ပြီး ကျောက်မီးသွေးတွင်း ပြိုကျခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပြိုကျခဲ့ခြင်းကြောင့် တွင်းအတွင်းပိတ်မိနေသူများကို ကယ်ဆယ်ရန် သွားရောက်ခဲ့သည့် ကျော်ရဲအောင် ၂၇ နှစ်၊ ဟန်စိုးထက် ၂၀ နှစ် ၊ ကျော်ဇင်လတ် ၂၇ နှစ်နှင့် ပြည့်ဖြိုးအောင် ၂၆ နှစ်တို့မှာ အောက်ဆီဂျင်ပြတ်လပ်ပြီး ကလေးဝမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့ရပြီး တွင်းအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရန် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၃ ရက်နေ့တွင် သေဆုံးနေပြီဖြစ်သော မျိုးဝင်းလှိုင် ၂၀ နှစ်၊ ဉာဏ်ဖြိုးဦး ၁၉ နှစ်၊ ဦးဆန်းလင်း ၃၁ နှစ်၊ ဇင်ကိုဦး ၂၃ နှစ်နှင့် တရုတ်နိုင်ငံသား Mr.Kang Guang Quang တို့၏ အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောကြားသည်။ 

“သူတို့လိုအပ်တာကို ဆောင်ရွက်ပေးသွားမှာပါ”ဟု ထွန်းသွင် ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ မန်နေဂျာ ဦးဌေးအောင်က ပြောဆိုသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ကျောက်မီးသွေးတွင်း၌ ဆက်လက်လုပ်ကိုင်မှုကို ယာယီရပ်နားထားပြီး ဩဂုတ်လ ၅ ရက်နေ့၌ နေပြည်တော်ရှိ သတ္တုတွင်း ဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (သစ်ချောက်) တာဝန်ခံ ဦးတိုင်းကျော်က ပြောကြားသည်။

R-20



FOLLOW US