News

POST TAGGED AS

ကေဘယ်လ်ကား

ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်မီးရှို့စက်ထားရန် စီစဉ်
မော်လမြိုင်၊ ဇန်နဝါရီ ၂၄

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အမှိုက်မီးရှို့စက်ထားရှိရေး စီစဉ်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွေဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။

ကျိုက်ထီးရိုး ပတ်ဝန်းကျင်ဒေသက အမှိုက်ပြဿနာကို မီးရှို့စက်ဖြင့် ဖြေရှင်းမှသာ ရသည့်အတွက် အမှိုက်မီးရှို့စက်ဝယ်ယူရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ကျိုက်ထီးရိုးတွင် ဘုရားဖူးဧည့်သည်များပြားသည့် ကာလတွင် တစ်နေ့အမှိုက် ၅ တန်ထိထွက်ပြီး သိမ်းဆည်းနိုင်သော်လည်း စနစ်တကျ မစွန့်ပစ်နိုင်ဘဲ တောင်စောင်းအောက်သို့ ပစ်ချနေရသည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားပတ်ဝန်းကျင်က အမှိုက်ပြဿနာကို ဂေါပကအဖွဲ့တစ်ဖွဲ့တည်း မဖြေရှင်းနိုင်သည့်အတွက် ပြည်နယ်အစိုးရကို တင်ပြအကူအညီတောင်းထားကြောင်း သိရသည်။

“ဂေါပကအနေနဲ့က ဂေါပကငွေကို သုံးတာပဲဖြစ်ဖြစ်ပေါ့ နိုင်ငံတော်အစိုးရ ဒါမှမဟုတ် ပြည်နယ်အစိုးရကနေ စီမံပေးပြီးတော့ အမှိုက်စနစ်တကျ စွန့်ပစ်နိုင်တဲ့စနစ်ကို လုပ်ပေးစေချင်တယ်”ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်ပြဿနာကို ဂေါပကအဖွဲ့ မဖြေရှင်းနိုင်သည့်အတွက် ဌာနဆိုင်ရာအားလုံးတို့နှင့် ပူးပေါင်းလုပ်ဆောင်မှသာ ရတော့မည်ဟု မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးစိုးနိုင်က ပြောသည်။

“အမှိုက်ကိစ္စက ပူးပေါင်းသွားမှ ရတော့မယ်၊ ဌာနဆိုင်ရာတွေအပြင် ဂေါပကအဖွဲ့ပါ ပူးပေါင်းရတော့မယ်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းသွားရင် ကမ္ဘာလှည့် ခရီးသွားတွေလည်း လာမှာမဟုတ်တော့ဘူး”ဟု ၎င်းက ဆိုသည်။

အမှိုက်စွန့်ပစ်ရေးအပြင် ရေ၊ မီးနှင့် တည်းခိုနေရာကိစ္စများ ကောင်းမွန်စေရေး ပြည်နယ်အစိုးရအနေနှင့် ဂေါပကအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးကာ စနစ်တကျ ဆောင်ရွက်ရန်လိုသည်ဟု မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောခဲ့သည်။

ကျိုက်ထီးရိုးဘုရားပွဲကာလသည် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ သတ်မှတ်ထားသည်ဆိုသော်လည်း တစ်နှစ်ပတ်လုံး ဘုရားဖူးဧည့်သည်များ လာရောက်လေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပဘုရားဖူး သန်းနှင့်ချီ လာရောက်မှုရှိသည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

Dawei Watch



FOLLOW US