News

POST TAGGED AS

ဧရာဝတီတိုင်း

မန္တလေးတွင် လိုင်စင်မဲ့ စက်သုံးဆီဆိုင်များကို စီမံချက်ဖြင့်ဖမ်း၊ ကျပ်နှစ်သိန်း ဒဏ်ရိုက်


မန္တလေး၊ ဇူလိုင် ၂၂

မန္တလေးမြို့တွင်း၌ ရောင်းချလျက်ရှိသော လိုင်စင်မဲ့စက်သုံးဆီဆိုင်များကို စီမံချက်ဖြင့် စစ်ဆေးအရေးယူခဲ့ရာ သုံးရက်အတွင်း ဆိုင်ပေါင်း ၂၀ ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်နှစ်သိန်းစီ ဒဏ်ရိုက်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မန္တလေးမြို့တွင်းလမ်းများပေါ်၌ ပန့်များ၊ ရေသန့်ဘူးများဖြင့် ရောင်းချခြင်းနှင့် နေအိမ်များတွင် စက်သုံးဆီ သိုလှောင်ရောင်းချခြင်းများရှိနေရာ မီးဘေးအန္တရာယ်စိုးရိမ်ရသည့်အတွက် ဇူလိုင်လ ၁၈ ရက်ကစတင်ကာ မြို့တော်စည်ပင်သာယာရေးကော်မတီ ပူးပေါင်းအဖွဲ့က မြို့နယ်အလိုက် စီမံချက်ဖြင့် စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်ကြောင်း အခွန်ဌာနဌာနမှူး (ယာယီ) ဦးသက်နိုင်က ပြောကြားသည်။

“အရင်ကလည်း ဒီလိုမျိုးရှင်းဖူးတယ်။ အခုက မြို့ထဲမှာများလာတော့ စီမံချက်ချပြီး လိုက်ရှင်းတာပါ။ စီမံချက်က အချိန်ကာလ သတ်မှတ်ထားတာမရှိဘူး”ဟု ၎င်းက ပြောဆိုသည်။

လမ်းဘေးတွင်ရောင်းချသည့် ဆိုင်များသာမက အိမ်ရှေ့မျက်နှာစာတွင် ဘက်ထရီပန့်များဖြင့် ရောင်းချခြင်းနှင့် ရပ်ကွက်များအတွင်း တရားမဝင်စက်သုံး ဆီသိုလှောင်မှုများသည် မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အတွက် ထိရောက်စွာ အရေးယူစေလိုကြောင်း မန္တလေးမြိုခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အိမ်ရှေ့မှာ ဘက်ထရီပန့်နဲ့ ပေါ် တင်ရောင်းနေတာတွေတောင်ရှိတယ်။ သူတို့ မဖမ်းချင်လို့ ချန်ထားရင်တော့ မသိဘူး”ဟု မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ ၎င်းက ပြောဆိုသည်။

ယင်းစက်သုံးဆီဆိုင်များကို စည်ပင်သာယာ အထူးတရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး ခွင့်ပြုချက်မဲ့လုပ်ငန်းလုပ်ကိုင်သည့် ပုဒ်မဖြင့် တရားရုံးက ဒဏ်ငွေကျပ်နှစ်သိန်းစီ ဒဏ်ရိုက်အရေး ယူထားကြောင်း ဦးသက်နိုင်က ထပ်မံပြောကြားသည်။

ယင်းသို့တရားစွဲဆိုရာ၌ လမ်းဘေးတွင် ရေသန့်ဘူးဖြင့်ရောင်းချသည့် ဆိုင်များအား တရားစွဲဆိုခြင်းမပြုဘဲ ဒဏ်ငွေဖြင့်သာ အရေးယူခဲ့သော်လည်း သုံးဘီးယာဉ်များ၊ ခွေးဘီလူးယာဉ်များဖြင့် လိုက်လံရောင်းချသည့် ရွေ့လျားစက်သုံးဆီ အရောင်းဆိုင်များနှင့် နေအိမ်များတွင် စက်သုံးဆီရောင်းချနေသူများကို တရားစွဲဆိုခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းစီမံချက်ကို ဇူလိုင်လ ၁၈ ရက်နေ့က စတင်ခဲ့ရာ ဇူလိုင်လ ၂၀ ရက် (သောကြာနေ့) အထိ လိုင်စင်မဲ့စက်သုံး ဆီဆိုင် ၂၀ ကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

M-08



FOLLOW US