News

POST TAGGED AS

ဦးပါမောက္ခ

တရားဥပဒေစိုးမိုးမှုမရှိသဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်ဟု ဦးပါမောက္ခ မိန့်ကြား


ရန်ကုန်၊ မတ် ၁၂

တရားဥပဒေမိုးစိုးမှုမရှိသဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ City Star ဟိုတယ်၌ မတ်လ ၁၂ ရက် မွန်းလွဲ ၃ နာရီခန့်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားခဲ့သည်။

“ဘုန်းကြီးက ၅၀၅-ခ ကို လုံးဝကျူးလွန်ခြင်းမရှိဘဲနဲ့ တရားဥပဒေစိုးမိုးမှုမရှိလို့သာ အင်းစိန်ထောင်မှာ ထောင် ၄ လ ပေးဆပ်ခဲ့ရတာဖြစ်တယ်၊ ဘုန်းကြီးတို့ လုပ်တဲ့ကိစ္စတွေကလည်း ၅၀၅-ခ နဲ့လည်း လုံးဝမငြိပါဘူး။ ဆရာတော့်ကို တရားစွဲတင်ပို့တုန်းကလည်း သက်ဆိုင်ရာ သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး (သို့) သံဃမဟာနာယကရဲ့ လက်မှတ်မပါရှိဘူး၊ ဦးတိုက်လျှောက်ထားလွှာမှာလည်း တရားလိုရဲ့လက်မှတ်က မမှန်ကန်ဘူး၊ ဆရာတော်ရဲ့ ဟောပြောချက်ကလည်း ၅၀၅-ခ နဲ့ လုံးဝမငြိစွန်းကြောင်း တင်ပြခဲ့သော်လည်းပဲ မဖြစ်မနေ ချကိုချမယ် ဆိုတဲ့သဘောနဲ့ ချလိုက်တာပါ”ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးပါမောက္ခက မိန့်ကြားခဲ့ခြင်းဖြစ်သည်။ 

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ဆရာတော်ဦးပါမောက္ခအပါအဝင် သံဃာတော်အချို့နှင့် အမျိုးသားရေး လှုပ်ရှားသူများက အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်ကို ကန့်ကွက်သည့်အနေနှင့် ရိုဟင်ဂျာမရှိကြောင်း ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီးမှ အမေရိကန်သံရုံးရှေ့ထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ရာ ခွင့်ပြုသတ်မှတ်ပေးသည့်နေရာ မဟုတ်သည့်အတွက် ကမာရွတ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က တရားလိုပြုလုပ်တိုင်ကြားကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ထိုသို့တရားစွဲဆိုခဲ့ပြီးနောက် လူပုဂ္ဂိုလ်များဖြစ်သည့် ဦးဝင်းကိုကိုလတ်၊ ဦးနောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ ဦးနေဝင်းအောင်နှင့် ဦးသက်မျိုးဦးတို့ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့်ထောင်ဒဏ် ၆ လ၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ အရ အလုပ်နှင့် ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ဆရာတော် ဦးပါမောက္ခကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က မြောက်ဒဂုံ မြို့မရဲစခန်းသို့ မြေယာကိစ္စနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် အသိပေးလျှောက်ထားစဉ် ဖမ်းဆီးကာ နိုဝင်ဘာလ ၂၁ ရက် နေ့က ငြိမ်းစုစီ ပုဒ်မ (၁၉) ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၃ လချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် မတ်လ ၉ ရက်နေ့က ထောင်မှ ပြန်လည်လွတ်မြောက်လာကာ အင်းစိန်ထောင်အတွင်း အခွင့်အရေးချိုးဖောက်ခံရမှု၊ အမှုကိစ္စများတွင် တရားရုံး၏ ပြုမူဆောင်ရွက်ချက်အပေါ် ပြန်လည်တရားစွဲထားမှုများနှင့် ယင်းတရားစွဲဆိုမှုများကို နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာန အသီးသီးကို စာပေးပို့တိုင်ကြားသွားရန် စီစဉ်နေကြောင်း ယင်းသတင်းစာရှင်းလင်းပွဲထံမှ သိရသည်။ 

J-16



FOLLOW US