News

POST TAGGED AS

ဦးပါမောက္ခ

ဆရာတော်ဦးပါမောက္ခအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးမှ အမေရိကန်သံရုံးရှေ့အထိ ချီတက်ဆန္ဒထုတ်ဖော်ဟောပြောရာတွင် ပါဝင်ခဲ့မှုဖြင့် တရားစွဲဆိုခံထားရသူ ဆရာတော်ဦးပါမောက္ခအမှုအား လာမည့်ရုံးချိန်း ဖေဖော်ဝါရီ ၂၁ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ စုံစမ်းသိရသည်။

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာလူမှုအသိုင်းအဝန်းဟု သုံးနှုန်းဖော်ပြခဲ့မှုအပေါ် ကန့်ကွက်ကြောင်း အမေရိကန်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ရန် သွားရောက်ခဲ့ရာ ယင်းဆန္ဒထုတ်ဖော်မှုကြောင့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးရှိ အများပြည်သူများ၊ ဖြတ်သန်းသွားလာရာနေရာရှိ အဆောက်အအုံတွင်းနေထိုင်သူများက ကြောက်ရွံ့ထိတ်လန့်ခဲ့ပြီး တံခါးများပိတ်သွားသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့က စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး ယနေ့တွင် စွပ်စွဲခံရ သူများဘက်မှ သက်သေများကို စစ်ဆေးကာ အပြီးသတ် အမိန့်ချမှတ်နိုင်ရန် ပြန်လည်ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

“မနေ့က ဆရာတော်ဘက်က တင်ပြထားတဲ့ သက်သေ ၅ ဦးလုံးကို စစ်လိုက်တယ်။ ပြီးတော့ နှစ်ဖက်လျှောက်လဲချက်တိုင်ဖို့ ပြန်ချိန်းတာ။ ဆရာတော်ဘက်က လိုက်ပါဆောင်ရွက်တဲ့ရှေ့နေက ဒီနေ့ပဲ အပြီးသတ်လျှောက်လဲချက်ပေးခဲ့တယ်။ စာနဲ့ကတော့ နောက်ရက်တွေကျရင် ပို့ပေးသွားမှာ။ အဲဒါကြောင့် လာမယ့် ရုံးချိန်း (ဖေဖော်ဝါရီလ ၂၁ ရက်) မှာ အပြီးသတ် အမိန့်ချသွားမှာပါ” ဟု ဆရာတော်၏ တပည့်ရင်းဖြစ်သူ ဦးအောင်မြိုင်က ရှင်းပြသည်။

ဆရာတော်ဦးပါမောက္ခ အပါအဝင် ဆရာတော် ဦးဉာဏဓမ္မ၊ ဦးသုစိတ္တ၊ လူပုဂ္ဂိုလ်လေးဦးဖြစ်သည့် ဦးဝင်းကိုကိုလတ်၊ ဦးနောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ ဦးနေဝင်းအောင်နှင့် ဦးသက်မျိုးဦးတို့ကို ကမာရွတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ လူပုဂ္ဂိုလ်များကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၆ လ၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ဆရာတော် ဦးပါမောက္ခကိုလည်း နိုဝင်ဘာလ ၂၁ ရက် နေ့က ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် ထောင်ဒဏ် တစ်လ ချမှတ်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဆက်လက်စစ်ဆေးနေခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ဆက်နွှယ် တရားစွဲဆိုခံထားရသည့် ဆရာတော် ဦးဉာဏဓမ္မ၊ ဦးသုစိတ္တတို့မှာ ယနေ့ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

J-16



FOLLOW US