News

POST TAGGED AS

အလောင်း

28-Jun-2018

မကွေး အလောင်း
ဆင်ဖြူကျွန်းတွင် အလောင်းဖျောက်ဖျက်မှုကို အမှုမှန်ဖော်ထုတ်ပေးရန် မိသားစုဝင်များတောင်းဆို
ချောက်၊ ဇွန် ၂၇

မကွေးတိုင်း ဆင်ဖြူကျွန်းမြို့တွင် ဇွန်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အလောင်းဖျောက်ဖျက်မှုနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် တာဝန်ရှိသူများအနေနှင့် ဖော်ထုတ်ပေးရန် ကာယကံရှင် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

ဇွန်လ ၂၀ ရက်နေ့က ရဲတပ်သားတစ်ဦး၊ အရပ်သားတစ်ဦးနှင့်အတူ လိုက်ပါသွားသည့် သားဖြစ်သူ ဦးဝေယံထက် (၂၄ နှစ်) ၏ အလောင်းကို ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်အတွက် ဇွန်လ ၂၅ ရက်နေ့က မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်း မြို့ရှိ သေဆုံးသူ၏ နေအိမ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဇွန်လ ၂၀ ရက် ညပိုင်းက ကိုဝေယံထက်သည် သူငယ်ချင်းဖြစ်သူ ကိုကောင်းထက်အောင်နှင့် ထက်ဝေအောင်တို့က အိမ်မှလာခေါ်သွားခဲ့ပြီး နောက်ပိုင်း ပျောက်ဆုံးခဲ့သည့်အတွက် ဆင်ဖြူကျွန်း နယ်မြေရဲစခန်းသို့ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းက တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ရပ်ကွက်နေပြည်သူများနှင့် ပရဟိတအသင်းသားများ လိုက်လံရှာဖွေခဲ့ရာ ဇွန်လ ၂၂ ရက်နေ့တွင် စလင်းချောင်းအတွင်း အလောင်းကို ပြန်တွေ့ခဲ့ကြောင်း သေဆုံးသူ၏ မိခင်ဒေါ်အေးအေးသင်းက ပြောကြားသည်။ 

“ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ သူငယ်ချင်း ၂ ယောက်ကို စစ်ဆေးတဲ့အခါမှာ ကိုဝေယံထက်ကို သူ့ရဲ့အိမ်မှာ လာခေါ်ပြီးတဲ့နောက် ဆင်ဖြူကျွန်းဈေးနားက ကုန်တိုက်ဟောင်းရှေ့မှာ ရဲတပ်သား ဖြိုးခန့်ဝေငြိမ်းနဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာ ကိုထက်ဝေအောင်ဟာ အိမ်ကိုပြန်သွားပြီး ကျန်သုံးဦးကတော့ ဆိုင်ကယ်နဲ့ ဆက်လက်ထွက်သွားတယ်လို့ ဝေယံထက်၏ သူငယ်ချင်းနှစ်ဦးက ထွက်ဆိုခဲ့ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

သုံးဦးဆိုင်ကယ်စီးချိန်တွင် ဆိုင်ကယ်မှောက်ပြီး ကိုဝေယံထက် ဒဏ်ရာရရှိသွားခြင်းကြောင့် ဆိုင်ကယ်ဖြင့် သယ်လာစဉ်အတွင်း လမ်းမှာတင်သေဆုံးခဲ့သည့်အတွက် ကြံရာမရဖြစ်ပြီး စလင်းချောင်းထဲ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းနှစ်ဦးက ရဲစခန်း၌ ထွက်ဆိုခဲ့သည်။

ကိုဝေယံထက်တွင် ဦးခေါင်း၌ ဒဏ်ရာရထားသကဲ့သို့ ဝဲဘက်ပါးတွင် ပြတ်ရှဒဏ်ရာ၊ မေးအောက်လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ၂ ချက်နှင့် အခြားဒဏ်ရာများလည်း တွေ့ရှိရကြောင်း ပရဟိတအဖွဲ့မှ ဦးစိုးမင်းက ပြောကြားသည်။ 

ယခုသေဆုံးမှုနှင့်ပတ်သက်၍ ကိုကောင်းထက်အောင်နှင့် ရဲတပ်သား ဖြိုးခန့်ဝေငြိမ်းတို့ကို ပေါ့ဆမှုကြောင့် လူသေမှုပုဒ်မ အပါအဝင် ပုဒ်မ ၃ ခုဖြင့် ရဲက အမှုဖွင့်ထားကြောင်း ဆင်ဖြူကျွန်းရဲစခန်းထံမှ သိရသည်။  

နေနိုင် (ချောက်)



FOLLOW US