News

POST TAGGED AS

အမေရိကန်

06-Aug-2018

ရုရှား LGBT
လိင်တူချစ်သူအခွင့်အရေး ဆန္ဒပြသည့် LGBT တက်ကြွလှုပ်ရှားသူများကို ရုရှားအာဏာပိုင်များဖမ်းဆီး


စိန့်ပီတာစဘာ့ဂ်၊ ဩဂုတ် ၅

ရုရှားနိုင်ငံ စိန့်ပီတာစဘာဂ်မြို့ (ယခင် လီနင်ဂရက်) တွင် လိင်တူချစ်သူ လူနည်းစုများ အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သော LGBT တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

LGBT တက်ကြွလှုပ်ရှားသူ ၆၀ ခန့်သည် စိန့်ပီတာစဘာ့ဂ်မြို့ ပင်မရင်ပြင်တွင် စုဝေးပြီးနောက် လိင်တူချစ်သူများ အခွင့်အရေးရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ရုရှားတွင် အစိုးရက ယင်းသို့ စီတန်းလှည့်လည်မှုများကို ကန့်သတ်ပိတ်ပင်ထားသော်လည်း LGBT တို့က ဆန့်ကျင်ပြီး ယင်းသို့ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့က လိင်တူချစ်သူများအခွင့် အရေးရရှိရေးအတွက် ရေးသားထားသော စာတန်းပါ ပိုစတာများနှင့် သက်တံရောင်အလံ (LGBT ကိုယ်စားပြုအလံ) များကို ကိုင်ဆောင်ကာ ၎င်းတို့၏ အခွင့်အရေးကို ကာကွယ်ရမည်ဖြစ်သည်ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ 

ရုရှားနိုင်ငံတွင် ၂၀၁၃ ခုနှစ်က လိင်တူချစ်သူများဝါဒဖြန့်မှု ပျံ့နှံ့လာမှုကို ပိတ်ပင်ကန့်သတ်သည့် ဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုခဲ့သည်။ 

ယခုဆန္ဒပြပွဲကို စီစဉ်သူများ၏ အဆိုအရ ဆန္ဒပြသူများသည် တစ်ဦးချင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြောင်းမှာ လူစုလူဝေးပြုလုပ်သည်ဟု သတ်မှတ်ခံရမှုမှ ရှောင်လွှဲနိုင်ရန်ဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးထိန်းသိမ်းမှုများဖြစ်ပေါ်ခဲ့သော်လည်း ရဲတပ်ဖွဲ့နှင့် LGBT တက်ကြွလှုပ်ရှားသူများအကြား ဆိုးရွားသည့် ပဋိပက္ခမျိုးမပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော် ဆန္ဒပြသူများကိုင်ဆောင်သောပစ္စည်းများကို ရဲတပ်ဖွဲ့က အတင်းအဓမ္မ သိမ်းယူသွားကြောင်း ၎င်းတို့ကဆိုသည်။ 

LGBT တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အဲလက်ဇီနာဆာရော့ဗ်က ရဲတပ်ဖွဲ့သည် သက်တံရောင်ပါဝင်သည့် အလံကိုင်ဆောင်ထားသူနှင့် ယင်းအရောင်အဝတ်အစား ဝတ်ဆင်ထားသူများကို ပစ်မှတ်ထားဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။ 

ဆန္ဒပြသူများက ၎င်းတို့သည် ရုရှားလူ့အဖွဲ့အစည်းထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် စည်းလုံးညီညွတ်မှုရှိစွာ နေထိုင်လျက် ရှိသည်ဟူသော အချက်ကို ပေါ်လွင်အောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

“LGBT နဲ့ပတ်သက်တဲ့ကိစ္စက မီဒီယာတွေမှာ တွေ့ရတာအင်မတန်နည်းနေတယ်၊ မီဒီယာတွေက မရေးကြဘူး။ ဂေး (Gay) တွေရှိနေတယ်၊ အာဏာပိုင်တွေအနေနဲ့ သူတို့နဲ့ မဖြစ်မနေထိတွေ့ ဆက်ဆံရမယ်၊ ဂေးတွေရဲ့ကိစ္စကို အရေးတယူလုပ်ရမယ်” ဟု ဆန္ဒထုတ်ဖော်သူ LGBT တစ်ဦးက ပြောကြားသည်။

F-01



FOLLOW US