News

POST TAGGED AS

အီသီယိုးပီးယား

ဘရိတ်ဇစ်ဖိအားကို လိုက်လျောပြီးနောက် လွှတ်တော်မဲခွဲမှုများတွင် ဝန်ကြီးချုပ်မေ အနိုင်ရ


လန်ဒန်၊ ဇူလိုင် ၁၆

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် သူ့ပါတီအတွင်းမှ ဘရိတ်ဇစ် (ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး) ထောက်ခံသူများ၏ ဖိအားကိုလိုက်လျောအလျှော့ပေးခဲ့ပြီးနောက် လွှတ်တော်တွင်းမဲခွဲမှုများတွင် အနိုင်ရခဲ့ပြီး သမဂ္ဂမှ နုတ်ထွက်ရေး သူ၏ ကျယ်ပြန့်သောမဟာဗျူဟာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

သို့သော်လည်း သဘောထားတင်းမာသည့် ဘရိတ်ဇစ်ထောက်ခံသူများ၏ တောင်းဆိုမှုများကို လက်ခံပေးခဲ့ခြင်းကြောင့် မူလကတည်းက အပြန်အလှန် တိုက်ခိုက်နေကြသောသူ၏ ကွန်ဆာဗေးတစ်ပါတီတွင်းမှ အုပ်စုနှစ်ခုအကြား ပြဿနာကို လွှတ်တော်အတွင်းဖွင့်ချပြသလို ဖြစ်စေခဲ့ပြီး ဥရောပသမဂ္ဂ (EU) နှင့် ဆွေးနွေးမှုတွင် တိုးတက်မှုနှေးကွေးနေရခြင်းမှာ ယင်းသို့သောပါတီတွင်း အကွဲအပြဲကြောင့်ဖြစ်ကြောင်း မြင်သာသွားစေခဲ့သည်။

မေသည် ဥရောပသမဂ္ဂနှင့် အနီးကပ်ဆုံးဖြစ်နိုင်သည့် ကုန်သွယ်ရေးသဘော တူညီချက်မျိုးရရှိရေး ကြိုးပမ်းမည့် အစီအစဉ်ကို ဆက်လက်ကိုင်စွဲသွားမည်ဟု ကြွေးကြော်ခဲ့ပြီးသူ၏ မဟာဗျူဟာမှာ ဘရိတ်ဇစ်အတွက်အစိုးရ၏ ရည်မှန်းချက်များ အထမြောက်စေရန်သာဖြစ်သည် ဟုပြောကြားခဲ့သည်။ သမဂ္ဂမှ နုတ်ထွက်မှုသည် ဆယ်စုနှစ်များစွာအတွင်း ဗြိတိန်၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးမူဝါဒတွင် အကြီးမားဆုံးအပြောင်းအလဲဖြစ်သည်။

မေ၏ သမဂ္ဂနှင့် အနာဂတ် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်ရည်မှန်းချက်ကို သမဂ္ဂဘက်မှ အကဲဖြတ်မှုမပြုရသေးမီ ပင်ကွန်ဆာဗေးတစ်ပါတွင်းမှ အုပ်စုနှစ်ခုစလုံး၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ 

ဥရောပသမဂ္ဂနှင့် ဆက်လက်ပေါင်းစည်းရေးလိုလားသော ဝန်ကြီးဟောင်းတစ်ဦးက “ကမ္ဘာပေါ်တွင် အဆိုးဆုံး (အစီအစဉ်)”ဟု ဝေဖန်ခဲ့သလို ခွဲရေးလိုလားသူများကလည်းမေ၏ အစီအစဉ်ကြောင့် သမဂ္ဂနှင့် ဆက်လက်နီးကပ်နေစေပြီး မူလရည်ရွယ်ချက် ပျက်ပြားစေသည်ဟု ဝေဖန်နေကြသည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘရိတ်ဇစ် ထောက်ခံသူများ၏ မေအစိုးရ၏ အကောက် ခွန်ဆိုင်ရာ ဥပဒေကြမ်းများကို အဓိကထား တိုက်ခိုက်ခဲ့ကြသည်။ ပိုမိုတင်းမာလာပြီးရှေ့မဆက်နိုင်ဖြစ်မည့် အခြေအနေကို ရှောင်လွှဲရန်မေက ၎င်းတို့တောင်းဆိုသော ဖြည့်စွက်ချက်လေးရပ်ကို လက်ခံပေးခဲ့သည်။

ယင်းသို့ ပြင်ဆင်ပေးလိုက်ခြင်းကြောင့် ဥရောပသမဂ္ဂဘက်က လက်ခံပေးလောက်ဖွယ်မရှိမည်ကိုလည်း သမဂ္ဂနှင့် စီးပွားရေးအရ ဆက်လက်ပေါင်းစည်းရေးလိုလား သောအမတ်များက စိုးရိမ်နေကြသည်။

လူထုဆန္ဒခံယူပွဲရလဒ်အတိုင်း ဗြိတိန်သည် ဥရောပသမဂ္ဂမှ ခွဲထွက်မည်ဖြစ်သော်လည်း ခွဲထွက်မှုသည် လူဝင်မှုကန့်သတ်ရေးနှင့် သမဂ္ဂ၏ ဩဇာမှ လွတ်မြောက်ရေးကိုသာ သက်ရောက်စေပြီး သမဂ္ဂဝင်နိုင်ငံများနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မထိခိုက်စေရန် မေအစိုးရက လိုလားနေသည်။ သမဂ္ဂဘက်ကမူ အကောင်းချည်းပဲ ရွေးယူခြင်းမျိုးကို လက်ခံမည်မဟုတ်ဆိုသော သဘောထားမျိုး ထုတ်ပြန်ထားသည်။

F-03



FOLLOW US