News

POST TAGGED AS

အီရန်

15-Aug-2018

အမေရိကန် အီရန်
အမေရိကန်နှင့် စစ်လည်းမဖြစ်၊ စေ့စပ်ဆွေးနွေးမှုလည်း လုပ်မည်မဟုတ်ဟု အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီ ပြောကြား


တီဟီရန်၊ ဩဂုတ် ၁၄ 

အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား စစ်ပွဲဖြစ်လာမည်မဟုတ်သလို စေ့စပ်ညှိနှိုင်းမှုများလည်း ရှိလာမည်မဟုတ်ဟု အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ပြောကြားလိုက်ပြီး နိုင်ငံ၏ပြဿနာမှာ အသစ်ပြဋ္ဌာန်းလိုက်သော ဒဏ်ခတ်အရေးယူမှုများထက် အစိုးရစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၏ ရလဒ်ပင်ဖြစ်သည်ဟု ဆိုလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

“ဒဏ်ခတ်အရေးယူမှုတွေကို ဘေးချိတ်ပြီး သူတို့က စစ်ပွဲနဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ပတ်သက်တာကို ပြောဆိုနေကြတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို စကားအနည်းငယ်တော့ ပြောပါရစေ၊ အမေရိကနဲ့ စစ်ဖြစ်မှာမဟုတ်သလို စေ့စပ်ဆွေးနွေးမှာလည်းမဟုတ်ဘူး”ဟု အီရန်နိုင်ငံတွင် ဩဇာကြီးမားသည့် ဘာသာရေးခေါင်းဆောင်ဖြစ်သော အယာတိုလာခါမေနီက ပြောကြားသည်။ 

သို့သော် အီရန်နိုင်ငံတွင် လတ်တလောရက်များအတွင်း စစ်အင်အားပြသမှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ 

အီရန်ကာကွယ်ရေးဝန်ကြီး အမီယာဟာတာမီက မျိုးဆက်သစ် တာဝေးပစ် ဒုံးကျည်အမျိုးအစားသစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့သလို အီရန်၏ ဒုံးကျည်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

အီရန်နိုင်ငံပိုင်ရုပ်သံ IRIB က ဖာတာမိုဘင်ဟု အမည်ရသည့် ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး မြေပြင်နှင့်ရေပြင်နှစ်ခုစလုံးပေါ်က ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းနိုင်သည်ဟုဆိုသည်။ 

အီရန်အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူမှုများ ထပ်မံပြဋ္ဌာန်းခဲ့သော်လည်း အီရန်နိုင်ငံ၏ အီလစ်အသိုင်းအဝိုင်းအပါအဝင် ပြည်သူအများစုက ဒဏ်ခတ်အရေးယူမှုသည် ပြည်တွင်း၌ ကာလကြာရှည်စွာ ရှိနေခဲ့သော ပြဿနာရပ်များအတွက် အကြောင်းအရင်းတစ်ခုမျှသာဖြစ်သည်ဟု ရှုမြင်ကြသည်။ 

အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက “သည်ကနေ့ လူမှုဘဝနေထိုင်ရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေဟာ ပြင်ပကနေ ထွက်လာတာ မဟုတ်ပါဘူး၊ ပြည်တွင်းမှာသာ ဖြစ်ပေါ်နေတဲ့ပြဿနာပါ”ဟု Twitter စာမျက်နှာကတစ်ဆင့် ထောက်ပြထားသည်။ 

“အဲဒီ ဒဏ်ခတ်အရေးယူမှုတွေကြောင့် အကျိုးသက်ရောက်မှုမဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ အဓိကအရေးကြီးတဲ့ အကြောင်းအရင်းက ကျွန်တော်တို့တစ်တွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာပါ”ဟု ၎င်းက ပြောကြားသည်။ 

အယာတိုလာခါမေနီသည် အီရန် သမ္မတ ဟတ်ဆန်ရိုဟာနီ ဦးဆောင်သော အစိုးရ၏ လတ်တလောစီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကိုလည်း ဝေဖန်ထားသည်။ 

၎င်း၏ ထင်မြင်သုံးသပ်ချက်များကို ကြည့်မည်ဆိုပါက သမ္မတရိုဟာနီ၏ အစိုးရအဖွဲ့အပေါ် ဖိအားထပ်ပေးလိုသည့် အနေအထားတွင်ရှိကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။ 

အီရန်နိုင်ငံတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းနှင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့သလို ငွေကြေးတန်ဖိုးမှာလည်း အဆမတန်ကျဆင်းသွားခဲ့သည်။

F-01



FOLLOW US