News

POST TAGGED AS

အီရန်

08-Aug-2018

အမေရိကန် အီရန်
အီရန်အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူမှုသစ်များ စတင်သက်ဝင်၊ အမေရိကန်တို့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေခြင်းဖြစ်ဟု အီရန်သမ္မတတုံ့ပြန်


ဝါရှင်တန်-တီဟီရန်၊ ဩဂုတ် ၇

အမေရိကန်ပြည်ထောင်စုသမ္မတ ထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် အီရန်နိုင်ငံကို ပထမအကျော့ ပိတ်ဆို့အရေးယူမှုများကို ထပ်မံပြဋ္ဌာန်းလိုက်ပြီဖြစ်ပြီးလာမည့် နိုဝင်ဘာလ ဒုတိယအကျော့တွင် အီရန်၏ စွမ်းအင်တင်ပို့မှုကဏ္ဍကို ပိတ်ဆို့ဒဏ်ခတ်ရန် ဦးတည်ထားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက တနင်္လာနေ့က ရုပ်သံမိန့်ခွန်းပြောကြားရာတွင် အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံကို စိတ်ဓာတ်စစ်ဆင်ရေး စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု ပြောဆိုလိုက်သည်။ 

“သူတို့ဟာ အီရန်နိုင်ငံကို စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ချင်နေတာ၊ အီရန်ပြည်သူတွေအကြား စိတ်ဝမ်းကွဲပြားအောင် ဖန်တီးချင်ကြတယ်”ဟု သမ္မတဟတ်ဆန် ရိုဟာနီက သုံးသပ်သည်။ 

အမေရိကန်ပြည်ထောင်စု၏ ပထမအကျော့ ဒဏ်ခတ်အရေးယူမှုများသည် အင်္ဂါနေ့ (ဩဂုတ် ၇) တွင် စတင်သက်ဝင်ခဲ့သည်။ ယင်းအစီအစဉ်သည် အီရန်အပေါ် အကြီးမားဆုံး ဖိအားများဖြင့် မူဝါဒပြောင်းလဲလာအောင် လုပ်ဆောင်ရေးဟူသည့် ဝါရှင်တန်၏မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 

သမ္မတထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် ၂၀၁၅ ခုနှစ်က အီရန်နှင့်အနောက်ဥရောပနိုင်ငံများအကြား ရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် ပြီးခဲ့သည့် မေလက စတင်ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလို ပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုများကို ပထမအကျော့၊ ဒုတိယအကျော့ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်သွားရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။ 

အီရန်နိုင်ငံသည် ထိုသို့ နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်သွားသည့်အချိန်မှစ၍ စီးပွားရေး ကမောက်ကမဖြစ်လျက်ရှိသလို စီးပွားရေးကျဆင်းမှုကို မကျေနပ်၍ ဆန္ဒပြမှုများလည်း ဆက်တိုက်ပေါ်ပေါက်လျက်ရှိသည်။ 

သမ္မတဟတ်ဆန်ရိုဟာနီက “အီရန်အပေါ် ဒဏ်ခတ်အရေးယူမိတဲ့အတွက် အမေရိကန်တွေ နောင်တရလိမ့်မယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ အထီးကျန်နေပြီးသားဖြစ်နေပြီ။ သူတို့က အီရန်နိုင်ငံက ကလေးငယ်တွေ၊ လူမမာတွေကို ဒဏ်ခတ်အရေးယူတာ”ဟု ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမှုသစ်များကြောင့် ငွေစက္ကူတန်ဖိုး ပြဿနာများလည်း ပေါ်ပေါက်လာသလို အီရန်ရှိ နိုင်ငံခြားကုမ္ပဏီအတော်များများကလည်း စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းရန် ပြင်ဆင်ကြသည်အထိ ဖြစ်လာသည်။ 

ပထမအကျော့ ဒဏ်ခတ်အရေးယူမှုများမှာ အီရန်၏ပို့ကုန်များ၊ ဘဏ္ဍာရေးစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာငွေကြေးစနစ်ထဲသို့ အီရန်နိုင်ငံ ဝင်ရောက်မှုစသည်တို့ကို ပစ်မှတ်ထားခြင်းဖြစ်သည်။

ဒုတိယအကျော့ ဒဏ်ခတ်အရေးယူမှုကို လာမည့်နိုဝင်လာလတွင် စတင်မည်ဖြစ်ပြီး အီရန်အတွက် အထူးအရေးကြီးသည့် စွမ်းအင်တင်ပို့ရောင်းချမှု အခန်းကဏ္ဍကို ပစ်မှတ်ထားမည်ဖြစ်သည်။ 

ယခင်အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ အီရန်အပေါ် ထားရှိသော ဒဏ်ခတ်အရေးယူမှုများကို ရပ်ဆိုင်းပေးမည်ဟု သဘောတူခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို JCPOA ဟုလည်း ခေါ်သည်။ 

သို့သော် JCPOA သည် အီရန်၏ နျူကလီးယားလက်နက်အစီအစဉ်အပေါ် အကျိုးသက်ရောက်မှုမရှိဟု သမ္မတထရမ့်က ထပ်ခါတလဲလဲ ပြစ်တင်ရှုတ်ချခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသအပေါ်ထားရှိသည့် အီရန်၏ ရန်ငြှိုးသိုသော မူဝါဒကိုလည်း ထိန်းချုပ်နိုင်မည်မဟုတ်ဟု ထရမ့်က ဝေဖန်ထားသည်။ 

“JCPOA ဟာ ကြောက်စရာကောင်းပါတယ်၊ တစ်ဖက်သတ်သဘောတူညီချက်ကြီးပါ။ အီရန်နျူကလီးယားဗုံး တပ်ဆင်ထုတ်လုပ်နိုင်ခြင်းမရှိအောင် လုပ်ဆောင်ရန် လိုအပ်တဲ့ အခြေခံဦးတည်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်စွမ်း မရှိပါဘူး”ဟု ထရမ့်က တနင်္လာနေ့က ပြောကြားသွားသည်။ 

F-01



FOLLOW US