News

POST TAGGED AS

အိမ်အကူ

အိမ်ဖော်ကို နှိပ်စက်ညှဉ်းပန်းသည့် ဆိုင်ရှင်လင်မယားကို လူကုန်ကူးမှုဥပဒေဖြင့် အမှုထပ်ဖွင့်
ပုသိမ်၊ ဇူလိုင် ၁

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်(၆) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အိမ်ဖော်မိန်းကလေးကို နှိပ်စက်ညှဉ်းပန်းသည့် အထည်ဆိုင်ပိုင်ရှင်လင်မယားနှင့် အလုပ်သမားတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုထပ်မံဖွင့်လှစ်လိုက်ကြောင်း ယင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၎င်းတို့ကို ကနဦး ပုသိမ်နယ်မြေ ရဲစခန်းက (ပ)၂၉၇ / ၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃၅၄၊ ၃၅၂၊ ၃၂၃၊ ၂၉၄၊ ၅၀၀ နှင့် ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားရာမှ အမှတ် (၇)လူကုန်ကူးမှု ရဲတပ်ဖွဲ့က ထပ်မံ၍ (ပ)၃၀၁/၂၀၁၈ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊ ၃၂ တို့ဖြင့် အမှုထပ်မံ ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“စစ်ဆေးချက်အရ ပထမအမှုဖွင့်ခံရတဲ့ ဆိုင်ရှင်လင်မယားနဲ့ ဆိုင်အလုပ်သမားက လုပ်အားခတွေ ခေါင်းပုံဖြတ်ထားတာတွေ၊ ကျေးကျွန်သဖွယ် ဆက်ဆံဆောင်ရွက်ခဲ့တာတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တာတွေ တွေ့ရပါတယ်။ ဒါကြောင့် လူကုန်ကူးရဲတပ်ဖွဲ့က လူကုန်ကူးမှုဥပဒေနဲ့ ထပ်ဖွင့်ခဲ့တာပါ”ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ခင်မောင်လတ်က ရှင်းပြပြောဆိုသည်။

ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက်၊ တဂေါင်းဘုရားလမ်းနေ အထည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ကိုထက်လင်းသော် (၂၉ နှစ်) နှင့် မဇင်မင်းသူ (၂၈ နှစ်)တို့ အပါအဝင် ဆိုင်အလုပ်သမား ကိုအောင်အောင် (၂၁ နှစ်)တို့မှ လွန်ခဲ့သည့် ၂ နှစ်ခန့်က အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေသည့် ရေကြည်မြို့နယ်၊ ဓာတ်တော်ကုန်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ်ရှိ နော်ဘွေဒီးဝါးကို နှိပ်စက်ညှဉ်းပန်းသဖြင့် ထွက်ပြေးပြီး နောက် ၎င်း၏ မိခင်နှင့် အဆက်အသွယ်ရရှိပြီး ယခုနှစ် ဇွန် ၂၈ ရက်နေ့က ပုသိမ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ဆိုင်ရှင်ဇနီးမောင်နှံနှင့် အလုပ်သမားတို့၏ ညှင်းပန်းနှိပ်စက်မှုကြောင့် နော်ဘွေဒီးဝါးတွင် ညိုမည်းဒဏ်ရာများ၊ ပေါက်ပြဲဒဏ်ရာများ၊ နာကျင်ဒဏ်ရာများ၊ မီးပူဖြင့် ထိုးထားသည့် အမာရွတ်ဟောင်းများကို တွေ့ရှိခဲ့ရကြောင်း ပုသိမ်နယ်မြေရဲစခန်းထံမှ သိရသည်။

R-11



FOLLOW US