News

POST TAGGED AS

အလှူခံ

အကြားအမြင်ဆရာမတစ်ဦးကို ကျပ်သိန်းတစ်ထောင်ကျော် လိမ်လည်မှုဖြင့် အမှုဖွင့်
ရန်ကုန်၊ မေ ၃၁

ဗေဒင်လာမေးသူ ဇနီးမောင်နှံထံမှ ကျပ်သိန်းတစ်ထောင်ကျော် လိမ်လည်ရယူခဲ့သော အကြားအမြင် ပါရမီရှင်ဗေဒင် ဆရာမတစ်ဦးကို မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူထားသော အကြားအမြင်ပါရမီရှင် ဒေါ်နန္ဒမာလာ (စုံစမ်းဆဲ) မှာ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးရပ်ကွက်တွင် ဗေဒင်ဟောခန်း ဖွင့်လှစ်ထားပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလက လင်မယားနှစ်ဦးက ဗေဒင်လာရောက်မေးမြန်းစဉ် ဒေါ်နန္ဒမာလာက အပေါင်လုပ်ငန်း လုပ်ကိုင်လိုလျှင် ငွေစုငွေချေးလုပ်ငန်း၌ အပေါင်ပစ္စည်းပေးစရာမလိုဘဲ ငွေချေးယူနိုင်ကြောင်း၊ အဆိုပါ ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီနှင့် ဆက်စပ်ပြီး အသင်းသို့ ငွေတစ်ဆပေးသွင်းပြီးပါက နှစ်ဆ ချေးငွေထုတ်ယူရရှိမည်ဖြစ်ကြောင်း မက်လုံးပေးပြောဆို၍ လိမ်လည်ရန်ကြံစည်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ငွေစုငွေချေးလုပ်ငန်းသို့ ငွေပေးသွင်းသည့် နေ့မှစ၍ ၄၅ ရက်အကြာတွင် သွင်းငွေနှင့် အရင်းကိုပေါင်းကာ ပြန်လည်ထုတ်ယူရရှိမည်ဖြစ်ကြောင်း မက်လုံးပေးပြောဆိုခဲ့ပြီးနောက် ဗေဒင်မေးမြန်းသည့် အမျိုးသမီးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ဒေါ်နန္ဒမာလာထံ ငွေကျပ်သိန်းတစ်ထောင်ကို စာချုပ်ချုပ်ဆိုပြီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှုဖွင့်တိုင် ကြားချက်အရ သိရသည်။

ယင်းနောက် ဒေါ်နန္ဒမာလာက ချေးငွေ အမြန်ချပေးနိုင်ရန်အတွက် ကျပ်သိန်း ၅၀ ကန်တော့ရမည်ဖြစ်ကြောင်း ပြောသဖြင့် ဗေဒင်လာရောက်မေးမြန်းခဲ့သည့် အမျိုးသမီးက ဘဏ်မှတစ်ဆင့် ယင်းငွေကို လွှဲပြောင်းပေးခဲ့ပြီး ၄၅ ရက်ကြာသည့် အထိစောင့်ဆိုင်းခဲ့သော်လည်း ချေးငွေထုတ်ယူမည့် ကျပ်သိန်း ၂၅၀၀ မှာ မရရှိသောကြောင့် ဒေါ်နန္ဒမာလာထံ အကြိမ်ကြိမ် သွားရောက်မေးမြန်းခဲ့သော်လည်း ယနေ့အချိန်အထိ ငွေပြန်ပေးအပ်ခြင်း မရှိသဖြင့် အကြားအမြင် ပါရမီရှင် ယောဂီဒေါ်နန္ဒမာလာကို ဥပဒေအရ အရေးယူပေးရန် မေလ ၂၉ ရက်နေ့က မင်္ဂလာဒုံ မြို့မ ရဲစခန်း၌ ဗေဒင်မေးမြန်းသူ အမျိုးသမီးက တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US