News

POST TAGGED AS

အလုပ်အကိုင်

အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော နိုင်ငံပိုင်လုပ်ငန်းများ

တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သော ဗျူရိုကရက်တစ် နိုင်ငံပိုင်လုပ်ငန်းကြီးအများစုသည် နိုင်ငံစီးပွားရေးတိုးတက်မှုကို များစွာနှောင့်နှေးစေသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ရှိ အင်ဂျင်စက်ရုံသည် ယခင်နှစ် ဧပြီလမှစ၍ စက်တစ်လုံးမှ မထုတ်လုပ်နိုင်သေးပါ။ သို့သော် အယောက် ၃၅၀ ခန့်ရှိသော ဝန်ထမ်းများသည် နေ့စဉ် အလုပ်ဝင်နေရဆဲပင်။ ၂၀၁၆ ခုနှစ်တွင် သာဂရစက်ရုံကဲ့သို့သော အစိုးရပိုင်စက်ရုံများသည် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် အရှုံးပြခဲ့သည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်ထက်မှ ဒီမိုကရေစီပုံစံတစ်မျိုးဆီသို့ ကူးပြောင်းသောအခါ အစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှစ၍ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေ နှစ်ဒါဇင်ထက်မနည်းကို ပြဋ္ဌာန်း ခဲ့သည်။ တရုတ်နိုင်ငံမှ အများစုဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်းခန့်ရှိစေရန် အကူအညီပေးလျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံသည် ဒေသတွင်းတွင် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲပင်။ ထို့ပြင် စီးပွားရေးနယ်ပယ် အများအပြားမှာလည်း မဖွံ့ဖြိုး သေးပါ။

နိုင်ငံပိုင်လုပ်ငန်းများ (SOEs) သည် ပြည်သူ ၁၄၅,၀၀၀ ခန့်ကို အလုပ်ခန့်အပ်ပေးထားသည်။ နိုင်ငံခြားအကူအညီများ မပါသော အစိုးရဝင်ငွေ၏ ထက်ဝက်ခန့်ကို ထောက်ပံ့ပေးသည်။ ဘဏ္ဍာရေးဝင်ငွေအားဖြင့် ဂျီဒီပီ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိကာ အသုံးစရိတ်မှာလည်း ထိုပမာဏခန့်ပင်ဖြစ်သည်။ သို့သော် စစ်အစိုးရခေတ်က ပြဋ္ဌာန်းခဲ့သော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများဥပဒေသည် အကြမ်းဖျင်း ရေးဆွဲထားကာ စာမျက်နှာ နှစ်မျက်နှာသာရှိပြီး နိုင်ငံပိုင်လုပ်ငန်းများ၏ ရည်ရွယ်ချက်ကို ဖော်ပြမထားပါ။ ဥပဒေတွင် မည်သည့်ကဏ္ဍများကို အစိုးရက လက်ဝါးကြီးအုပ်ထားမည်၊ ချိုးဖောက်ပါက ထောင်ဒဏ်ကျခံရမည်ဟုသာ ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ SOE ၃၁ ခုရှိသည်။ အချို့မှာ သာဂရစက်ရုံကဲ့သို့ ယိုယွင်းပျက်စီးနေသော စက်မှုလုပ်ငန်းများဖြစ်သည်။ သို့သော် အခြားလုပ်ငန်းများမှာ လေကြောင်းလိုင်း၊ ကျောက်မျက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတင်းအချက်အလက် ဆက်သွယ်ရေး၊ ကျွန်းသစ် စသည့်ကဏ္ဍများမှ ဖွံ့ဖြိုးစည်ပင်နေသည့်လုပ်ငန်းများ ဖြစ်သည်။ ၎င်းတို့၏ စီးပွားရေးအရ သက်ရောက်မှု အတိုင်းအတာမှာ ကြီးမားပါသည်။ ၎င်းတို့သည် စီးပွားရေးလုပ်ငန်းဆန်ဆန် လုပ်ကိုင်ကြရုံ သာမကပါ။ အများစုမှာ အခွန်အခများ ကောက်ခံသလို ၎င်းတို့လုပ်ကိုင်သည့် နယ်ပယ်များကိုလည်း ကြီးကြပ်ကြပါသည်။

ပညာရှိသုခမိန်အဖွဲ့နှစ်ခုဖြစ်သော ပြည်တွင်း အခြေစိုက် Renaissance Institute နှင့် နယူးယောက် မြို့အခြေစိုက် Natural Resources Governance Institute တို့က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် နိုင်ငံပိုင်လုပ်ငန်းများသည် အစိုးရ၏ ကြီးကြပ်မှုမှ ကင်းလွတ်နေကြောင်း အသေးစိတ်ဖော်ပြထားသည်။ SOE များတွင် စွမ်းဆောင်ရည် ရည်မှန်းချက်မရှိကြသလို ထိပ်တန်းအာဏာပိုင်များ ခန့်အပ်ရာတွင်လည်း တရားဝင် အတည်ပြုလက်ခံထားသော လုပ်ထုံးလုပ်နည်းများ မရှိပါ။ SOE အများစုကို တပ်မတော်သားဟောင်းများက ဦးဆောင် တာဝန်ယူနေကြသည်။ ငွေစာရင်းများကိုလည်း စာအုပ်ထဲတွင်သာ လက်ဖြင့်ရေးသွင်းကြသည်။ စာရင်းစစ်သည် ဆိုသည်မှာလည်း ၎င်းတို့ဖော်ပြသော ကိန်းဂဏန်းများကို ဘဏ်မှတ်တမ်းများနှင့် တိုက်စစ်သည်ထက် မပိုပါ။ ၎င်းတို့၏ စုစုပေါင်း ဘတ်ဂျက်များကိုသာ လွှတ်တော်အမတ်များသို့ အစီရင်ခံရပြီး အမတ်များမှာ အသေးစိတ်မသိရပါ။

ထို့ပြင် အလွန်အကျွံ ရှေးရိုးဆန်လွန်းသော စာရင်းကိုင်စည်းမျဉ်းများအရ SOE များသည် အကျိုးအမြတ်၏ ၅၅ ရာခိုင်နှုန်းကို ဘေးဖယ်ထားရသည်။ ဥပမာအားဖြင့် မြန်မာ့ကျောက်မျက်လုပ်ငန်းသည် ၁၇၂ နှစ်တိုင်တိုင် ကိုယ်တိုင်လည်ပတ်ရန် လုံလောက်သောငွေများကို ကိုင်ဆောင်ထားပြီး အစိုးရပိုင်ဘဏ်တစ်ခုတွင် အတိုးမရဘဲ အပ်နှံထားရသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် SOE များ၏ အပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံရှိခဲ့သည်။ ထိုငွေအများစုမှာ အကျိုးမရှိဘဲ အလဟဿ “အိပ်”နေသော ငွေများဖြစ်သည်ဟု အာဏာပိုင်များက ဝန်ခံကြသည်။

စီးပွားရေးကို ကြီးကြီးမားမား ထိန်းချုပ်သော စစ်အုပ်ချုပ်မှုစနစ်၏ အမွေအနှစ်ဖြစ်ရခြင်းတွင် မြန်မာနိုင်ငံ၏ SOE များသည် ဒေသတွင်းနိုင်ငံများနှင့် ကွဲပြားခြားနားမနေပါ။ သို့သော် ၎င်းတို့သည် ပွင့်လင်းမြင်သာမှု အနည်းဆုံး၊ စီမံခန့်ခွဲပုံအညံ့ဆုံးဟု ဆိုနိုင်ပေလိမ့်မည်။ အခြားသောနိုင်ငံများတွင် SOE များသည် နှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်ရသည်။ ထိုင်းနိုင်ငံတွင်ဆိုလျှင် နိုင်ငံတကာစံနှုန်းများနှင့်အညီ အစီရင်ခံရလျက်ရှိသည်။ ဖိလစ်ပိုင်ရှိ SOE အချို့ဆိုလျှင် ၅၀ ရာခိုင်နှုန်းအောက်ဖြစ်သော ပုဂ္ဂလိက ရှယ်ယာများပင် ပါဝင်ကြသည်။ မလေးရှားတွင်လည်း SOE အချို့၏ မန်နေဂျာများကို စွမ်းဆောင်ရည် အညွှန်းကိန်းများဖြင့် စောင့်ကြည့်လျက်ရှိသည်။ တရုတ်တွင်ဆိုလျှင် လစာနှုန်းထားကို စွမ်းဆောင်ရည်အပေါ် မူတည်ပြီး သတ်မှတ်သည်။ (ထိုနည်းကြောင့် တရုတ် SOE အကြီးအကဲများသည် စာရင်းဇယားများကို လိမ်ကြလေသည်။)

မြန်မာ့ SOE များနှင့်ပတ်သက်၍ တိုးတက်ပြောင်းလဲမှု အနည်းငယ် ရှိပါသည်။ မြန်မာအစိုးရသည် SOE များကို အကောင်းဆုံး စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် အာရှဖိုရမ်တစ်ခုနှင့် ချိတ်ဆက်လိုက်ပြီဖြစ်သည်။ အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲခံရသလို ပါရဂူ ဘွဲ့လက်မှတ် အတုဖြစ်နေကြောင်း ၂၀၁၆ ခုနှစ်တွင် ဝန်ခံခဲ့ရသော ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကိုလည်း မကြာသေးမီက ရာထူးမှနုတ်ထွက်စေခဲ့သည်။ ၎င်း၏ နေရာအစားဝင်သည့် ဦးစိုးဝင်းသည် SOE များကို ပိုမိုထိန်းကျောင်းကြပ်မတ်နိုင်ဖွယ်ရှိသည်။ ဦးစိုးဝင်းသည် ကမ္ဘာလုံးဆိုင်ရာ စာရင်းကိုင်ကုမ္ပဏီ Deloitte တွင် အလုပ်လုပ်ခဲ့ဖူးသလို Renaissance Institute ၏ ဘုတ်အဖွဲ့တွင်လည်း ပါဝင်လျက်ရှိသည်။ 

သို့သော် ကြီးမားသော အတားအဆီးများ ရှိနေဆဲပင်။ အမျိုးမျိုးသော SOE များသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်သာ သက်ဆိုင်သလို ဘဏ္ဍာရေးဝန်ကြီးဌာနသည် SOE များ၏ ငွေကြေးသုံးစွဲပုံကို မထိန်းချုပ်နိုင်ပါ။ မြန်မာအစိုးရ၏ တကယ့်လက်တွေ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သာလျှင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် အာဏာရှိနေသည်။ သို့သော် စီးပွားရေးသည် သူ၏ ဦးစားပေးလုပ်ငန်း မဟုတ်ဘဲ တပ်မတော်၏ အကျိုးစီးပွားများနှင့် ပတ်သက်လာလျှင် သတိကြီးကြီးထား လုပ်ဆောင်လိုသည့်သဘောလည်း ရှိပုံပေါ်သည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ အမတ်များသည် SOE များ၏အရှုပ်ထုပ်ကို လေ့လာဆန်းစစ်ရန် စိတ်အားထက်သန်သည်ဟု ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။ သို့သော် သူတို့ကို အုပ်ချုပ်ရေးဘက်က မထောက်ပံ့သလို ကိစ္စ အများအပြားတွင် ကျွမ်းကျင်ပညာရှင်များလည်း မရှိကြပါ။ ထို့ပြင် အခြားသောလွှတ်တော်အမတ်များမှာလည်း မိမိတို့မဲဆန္ဒနယ်ရှိ အရှုံးပေါ်နေသော စက်ရုံများကို အသေးစိတ် သုံးသပ်မည်အား ထောက်ခံသူ မရှိသလောက် နည်းပေလိမ့်မည်။ သာဂရစက်ရုံရှိ အလုပ်သမားများကတော့ မပူပန်ကြပါ။ “စက်ရုံပိတ်သိမ်းမှာ မဟုတ်ပါဘူး၊ ဒါ အစိုးရပိုင်လေ”ဟု အလုပ်သမားတစ်ဦးက ပြောသည်။

မိုးအေး (ကျွန်းချောင်း)
(The Economist မဂ္ဂဇင်းပါ ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)



FOLLOW US