News

POST TAGGED AS

အလုပ်သမား

01-May-2017

လစာ အလုပ်သမား
အနိမ့်ဆုံးလုပ်ခ၏ ကျိန်စာ
မြန်မာနိုင်ငံ၏ အကြီးဆုံး လှိုင်သာယာစက်မှုဇုန်တွင် အလုပ်ရပြီး ၂ နှစ်ခန့်အကြာ သူ့အိတ်ထဲတွင် စုဆောင်းကျန်ရှိသည့် အရာများကို ကြည့်လိုက်တော့ လက်စွပ်နှစ်ကွင်း ပေါင်ထားသည့် အပေါင်စာရွက်၊ အထည်ပေါင်ထားသည့် အပေါင်စာရွက်တို့နှင့် တစ်ထောင်တန် တစ်ရွက်သာ ရှိတော့သည်။

ထိုနေ့ကား ၂၀၁၇ ခုနှစ်၏ ဧပြီလကုန်ရန် ၂ ရက်အလို အလုပ်သမားနေ့ဟု ခေါ်ကြသည် မေဒေးနေ့ မရောက်ခင် ၃ ရက် အလိုလည်း ဖြစ်သည်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်ကို တစ်ရက် ၃၆၀၀ ကျပ်ဟု အစိုးရက တရားဝင် သတ်မှတ်ပေးပြီး နောက်ပိုင်း သူတို့ဘဝတွေ ထင်သလို မဟုတ်ဘဲ တစ်နေ့တခြား ဆုတ်ယုတ်လာခဲ့သည်။

စက်ရုံအချို့က အဆောင်များ ပိတ်လိုက်ကြသည်။

အကြိုအပို့ ကားဖယ်ရီများကို ရပ်လိုက်ကြသည်။

သွားလာစရိတ် ထပ်မံကုန်ကျမည့် အရေးကြောင့် သူတို့နီးစပ်ရာ နေရာများတွင်သာ ငှားနေရသည်။

“အဆောင်ခ လေးငါးသောင်း မတတ်နိုင်ဘူး၊ အဲဒီတော့ ကျူးကျော်တဲကို ပြန်ငှားနေရတယ်။  အခုငှားနေတာ ၃၈၀၀၀ပေါ့။ လာမယ့်နှစ်ကို ဈေးတက်မယ် ပြောတယ်” ဟု ကျူးကျော်တဲတွင် နေထိုင်ရင်း စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူ မခင်သူဇာမြင့်က ပြောသည်။

သူမ  အသက် ၃၂ နှစ်အရွယ်ရှိပြီး ခန္ဓာကိုယ် ခပ်ပြည့်ပြည့် အမြဲတမ်းလို သနပ်ခါး ပါးကွက်ကျားဖြင့် ဘီးဆံပတ်ဆံထုံး ထုံးထားပြီး ဧရာဝတီတိုင်း ဟင်္သာတဇာတိ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကိုယ့်အားကိုယ်ကိုးပြီး  စီးပွားရှာရန် ရန်ကုန်မြို့ပေါ်သို့ တက်လာချိန်တွင် “မှတ်မှတ်ရရ အဒေါ်နဲ့ ခြင်ထောင်၊ စောင်ရောင်းမယ် တွက်တာ ကားပေါ်ပါသွားလို့ အရင်းဆုံးသွားတယ်၊ နောက်တော့ သူငယ်ချင်းနဲ့ အလုပ်လိုက်လျှောက်တာ။ ရန်ကုန်မှာ စက်ရုံအလုပ်လျှောက်တာ ၁၈ ရက်ကြာမှ အလုပ်ရတယ်” ဟု အထည်ချုပ်စက်ရုံသို့ ရောက်လာပုံကို ရှင်းပြသည်။

သူမ ပထမဆုံးစလုပ်ခဲ့သည့် စက်ရုံအတွေ့အကြုံအရ ခုနစ်လ ကြာမြင့်သော်လည်း လစာခြောက်သောင်းသာ ရရှိသောကြောင့် လက်ရှိလုပ်ကိုင်နေသော စက်ရုံသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု သူမက ပြောသည်။ 

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ကျန်စစ်သားမှတ်တိုင်မှ အတွင်းဝင်လာသော ထမင်းဆိုင်များ၊  ကုန်စိမ်းသည်၊ မီးသွေး၊ ရေထမ်းပို့သူများဖြင့် နေ့ည စည်ကားနေသော ဈေးတန်းလေးကို တွေ့ရမည် ဖြစ်သည်။

ထိုမှလွန်သော်  မြောင်းရေများ ပြည့်လျှံနေသောကြောင့် လမ်းဘေးတစ်ဖက်တစ်ချက်တွင် အုတ်အပိုင်းအကျိုးစ၊ သစ်သားတုံး အတိုအစများ ခင်းထားသည့် လမ်းသို့ ရောက်မည်။

ထိုလမ်းကား သူတို့နားခိုရာ ကျူးတဲများဆီသို့ ပြန်ရာလမ်း ဖြစ်သည်။ ဘောလုံးကွင်း နှစ်ကွင်းစာခန့် ရှည်သည့် မြောင်းရေများက လမ်းပေါ်တွင် ခြေမျက်စိခန့်အထိ ရှိသည်။

ရေလွှမ်းနေသည့် သီးသန့်လမ်းမှ ဘယ်ဘက်သို့ ချို့ကွေးလိုက်ပါက အီလန်စက်ရုံနှင့် ဦးရွှေရိုးအတွင်းရှိ ဘုန်းကြီးကျောင်း ပတ်ပတ်လည်တွင် ကျူးကျော်တဲ တစ်ထောင်ဝန်းကျင်ခန့် ရှိသည်။ 

မနက်တွင်လည်း မြောင်းရေများပေါ်မှာ သူတို့ လမ်းလျှောက်ကာ လုပ်ငန်းခွင် ပြန်ဝင်ကြရသည်။

နေ့ညမနား လည်ပတ်နေသော လှိုင်သာယာစက်မှုဇုန် စက်ရုံကြီးများ ဘေးတစ်ဖက်တစ်ချက်က ထောင်နှင့်ချီသော ကျူးကျော်တဲများသို့ ညအချိန်တွင် သူတို့ပြန်ရောက်ကြသည်။

အလျား ၁၀ ပေ အနံ ၆ ပေခန့် ဝါးကြမ်း ကျိုးတိုးကျဲတဲခင်း တဲအိမ်တစ်လုံးတွင် လူ ၇ ယောက်ခန့် စီတန်းအိပ်ကြပြီး မနက်မိုးလင်းပြီဆိုလျှင် ထမင်း၊ ဟင်း အမြန်ချက်ကာ ထမင်းချိုင့်ဆွဲပြီး သူတို့စက်ရုံတွေဆီကို ပြန်လာကြပြန်သည်။

တိုးလိုးတွဲလောင်း အဝတ်တန်းများ၊ ထင်းမီးဖြင့် တည်ထားသောကြောင့် မည်းတူးနေသည့် ထမင်းအိုး၊ ဟင်းအိုးများ၊ ခရမ်းသီး၊ ဘူးသီး၊ ကြက်သွန်ခြင်းတောင်း စသည့် တိုလီမိုလီများက ဟိုတစ်စု ဒီတစ်စု ရှိနေသော အိမ်ခန်းကျဉ်းလေးထဲတွင် နေရသည်။

နောက်ဖေးသွားရန် အတွက်မူ အိမ်အနောက်တွင် ပီနန်အိတ်အစုတ်ဖြင့် အရှက်လုံရုံ ကာထားသည့် အိမ်သာရှိသည်။

တစ်နေ့လုံး စက်ရုံတွင် ပင်ပင်ပန်းပန်း လုပ်ရသလို အိမ်ပြန်ရောက်ချိန်တွင်လည်း ကျောတစ်နေရာစာတွင် ဖြစ်သလို အိပ်ကြရသည်ပင်။ အိမ်ဆိုသည်ကား အိပ်ရုံသက်သက် အတွက်သာ၊ ဖျော်ဖြေရေး ဆိုသည်မှာ ဝေလာဝေး၊ သက်သောင့်သက်သာပင် မရှိသည့် အခြေအနေဖြစ်သည်။

စက်မှုဇုန် ၃ ရှိ ထောင်နှင့်ချီသော ကျူးကျော်တဲများတွင် နေထိုင်သူ အများစုမှာ လှိုင်သာယာစက်မှု ဇုန်များတွင်လုပ်ကိုင်ကြသည့် အလုပ်သမားများ ဖြစ်ကြသည်။

ယင်းသို့ ကျူးကျော်တဲများတွင် ဒုက္ခသည်စခန်းတစ်ခုတွင် နေသလို နေထိုင်ကြရသည် ဆိုသော်လည်း အဆောင်ငှားနေရသည့် အလုပ်သမားများထက် အဆင်ပြေသည်ဟု ၎င်းတို့က ဆိုကြသေးသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ အတွင်းရှိ ရေဥက္ကာလမ်း၊ ဆိပ်ကမ်းသာလမ်းနှင့် နဝဒေး လမ်းတစ်လျှောက်တွင် စက်ရုံအလုပ်သမားများ နေထိုင်ကြသည့် အဆောင်များမှာ မန္တလေးကျုံးကြီးသဖွယ် လမ်းကိုတောက်လျှောက် ကာရံထားသည်။

အဆောင်ငှားရမ်းခ မတတ်နိုင်သည့် အလုပ်သမားများ အတွက်ကတော့ လမ်းထောင့်များတွင် ရှိသည့် အလျား ၉ ပေ၊ အနံ  ၆ ပေ ပတ်ချာလည် ကျူးကျော်တဲများ ရှိနေသည်။

ယင်းကျူးကျော်တဲများမှာ အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားများ နေထိုင်ရေးအတွက်  အငှားဈေးကွက်ကြီးတစ်ခုပင်။

မခင်သူဇာမြင့် သူငယ်ချင်းဖြစ်သူ မညိုက အဆောင်နေရတာထက် ကျူးကျော်တဲများတွင် နေရသည်က ပိုကောင်းကြောင်းကို အခုလို ရှင်းပြသည်။

“အဆောင်ငှားနေတာထက် ကျူးကျော်တဲမှာ နေရတာ စိတ်ချမ်းသာတယ်။ သူတို့ထက် ကုန်ကျစရိတ် သက်သာတယ်လေ။ အဆောင်မှာ ဧည့်သည်လာလို့ ညအိပ်ရင် ၅၀၀ ထပ်ပေးရတယ်။ သောက်ရေတစ်ပုံး ၄၀၀၊ ရေချိုးတာ ၁၀ ဂါလန်တစ်ပုံး ၂၀၀ လေ၊ ရေဖိုးမီးဖိုးနဲ့ မကိုက်ဘူး။ ဒီမှာ မိဘလာအိပ်လည်း ရတယ်၊ ကိုယ့်အိမ်ကိုယ့်ရာလိုပေါ့”

မခင်သူဇာသည် မောင်နှမဝမ်းကွဲ ငါးယောက်လုံး၏ လစာကို သိမ်းယူကာ လိုအပ်သည်များ စီမံခန့်ခွဲပေးနေရသူ ဖြစ်သည်။

“အကုန်လုံး စုစားမှပဲလောက်တယ်။ အခန်းခ တစ်ယောက် ရှစ်ထောင်လောက်ပဲ ကျတယ်။ တစ်ယောက်တည်း ချက်စားရင်တော့ နှစ်ထောင်လောက်ကျတယ်။ စုချက်စားတော့ ခံသာတာပေါ့။ အခု ကျောင်းပိတ်ရက် သမီးလေးနဲ့ အဖေ လာလည်တယ်။ ၇ ယောက်ကို တစ်နေ့ တစ်ပြည်နဲ့လေးလုံးလောက် ချက်ရတယ်။ အလုပ်ဖွင့်ရက်ကို ရေတစ်ဘူး ၃ ရက် သောက်ရတယ်၊ ပိတ်ရက်ဆို တစ်ဘူး တစ်ရက်တည်းကို ကုန်တာပါပဲ” ဟု ရယ်လျက်ပြောသည်။

ကျူးကျော်တဲများတွင် နေထိုင်၍ စက်ရုံများတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ အများစုသည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်၊ ပုသိမ်၊ မကွေးတိုင်းများမှ လာရောက်အလုပ်လုပ်ကိုင်သူ အများစုဖြစ်သည်။

အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက သူမတို့ကဲ့သို့ လှိုင်သာယာစက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်နေသော မိန်းကလေး အများစု  ၇၅ ရာခိုင်နှုန်းသည် အနယ်နယ်အရပ်ရပ်တွင် နေထိုင်ကြသူများ ဖြစ်ကြပြီး ကျန် ၂၅ ရာခိုင်နှုန်းသည် ရန်ကုန်အနီးတစ်ဝိုက်တွင် နေထိုင်၍ အလုပ်လုပ်ကိုင်သူများ ဖြစ်ကြသည်ဟု ပြောသည်။

လက်ရှိတွင် အစိုးရက အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်ထားသော်လည်း   စက်ရုံအလုပ်သမားတစ်ဦး ရရှိသည့်  အခြေခံလစာသည့် လုပ်သက် ၆ လပြည့်လျှင် တစ်ရက်ကို ၃၆၀၀ ကျပ်နှုန်း ရရှိ၍ လုပ်ငန်းခွင် စဝင်လျှင် အကူဝန်ထမ်းအဖြစ် ၁၈၀၀ ကျပ်နှုန်း၊ အလုပ်သင် ၂၅၀၀ ကျပ်နှုန်း ရသည်ဟု သူမက ဆိုသည်။

သူမ မောင်အရင်းဖြစ်သူ ကိုနောင်နောင်က အသက် ၁၆ နှစ် ပြည့်သော်လည်း မှတ်ပုံတင်မရှိခြင်းကြောင့် နီးစပ်ရာစက်ရုံတွင် ဝင်ရောက်လုပ်ကိုင်နေရကာ လုပ်သက် ၆ လ ပြည့်သော်လည်း ရှစ်သောင်းသာ ရရှိသည်ဟု သူမက ဆက်လက်ပြောပြသည်။

“ကျွန်တော်က ဘာမှမတတ်လို အကူနဲ့လုပ်တာ ၆ လရှိပြီ ရှစ်သာင်းရတယ်။ အဆင်မပြေဘူး  အိုတီရှိမှ အဆင်ပြေတယ်။ အခု ၃၆၀၀ ကို နောက်လတော့ရမယ်။ တူမလေးဆို ၂၇၀၀ ပဲ ရသေးတယ်။ သုံးလပြည့်ကတည်းက မတိုးသေးဘူး” ဟု ကိုနောင်နောင်က ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း တိုင်းနှင့်ပြည်နယ် အသီးသီးတွင် အထည်ချုပ် အလုပ်သမား လေးသိန်းနီးပါး ရှိသည်ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၅ ခုနှစ် အလုပ်သမား ညွန်ကြားမှုဦးစီးဌာန စာရင်းအရ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်း အထည်ချုပ်စက်ရုံပေါင်း ၅၇၁၇ ရုံရှိပြီး လုပ်သားဦးရေ ၃၅၀,၀၀၀ ကျော် ရှိသည်။ တစ်နိုင်ငံလုံးတွင် စက်ရုံအလုပ်ရုံ ၇၅၉၁ ခုရှိပြီး စက်ရုံလုပ်သား ၃၈၆,၄၁၉ ဦး ရှိသည်ဟု မှတ်တမ်းများအရ သိရသည်။\

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပြီး နောက်ပိုင်းတွင် စက်ရုံအတွင်း ရက်မှန်ကြေး၊ အချိန်ပိုကြေးများအပြင်  အလုပ်သမား စံနှုန်းသတ်မှတ်ချက်များ ပိုမိုတိုးမြှင့်လိုက်သည့်အတွက် အလုပ်သမားတို့ဘက်က နစ်နာမှုသာ ပိုများသွားသည်ဟု အလုပ်သမားများက ပြောကြသည်။

အဆောင်နေခွင့် ဆုံးရှုံးသွားသူများသည် နေစရာရှာကြရင်း ကျူးကျော်တဲများတွင်သာ သောင်တင်နေကြရသည်။

ဧရာဝတီတိုင်းမှ မိသားစုလိုက် အထည်ချုပ်စက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်သူ မမြင့်မြင့် မော်၏ မိခင် ဒေါ်လှမြိုင်က ကျူးကျော်တဲများတွင် ငှားရမ်းနေရသည့် အထည်ချုပ်လုပ်သားများ အခြေအနေနှင့် ပတ်သက်၍ “မရှိတော့လည်း အတိုးနဲ့ ယူကျွေးရတယ်။ ကလေးထမင်းချိုင့်က အရေးကြီးတယ်လေ။ ဒီနေရာက  ညနေဆို ဆိုင်ကယ်သမား သုံးယောက်တွဲ နှစ်ယောက်တွဲ ဆွဲကြိုးဖြတ်လုတယ်။ တရားဝင် နေထိုင်တာမှ မဟုတ်တာ ဘယ်လိုသွားတိုင်မလဲ။ ကိုယ့်တောင် လုပ်သွားဦးမယ်” ဟု ရှင်းပြသည်။

ကျူးကျော်တဲတွင် အထည်ချုပ်လုပ်သား အများစု တစ်နေ့တာ ဖြတ်သန်းမှု အခြေအနေကိုမူ “ရေချိုးဖို့ တစ်ထမ်းကို ငါးဆယ်၊ လာမပို့ဘူး၊ ကိုယ့်ဘာသာထမ်းရတယ်၊ တစ်နေ့ ငါးရာလောက်ကုန်တယ်။ ဒီကြက်သား နှစ်ထောင်ဖိုးကို မနက်ကလေးထမင်းချိုင့်ထည့် တစ်ယောက်တစ်တုံးပဲ၊ ပိုထည့်လို့မရဘူး။ လူငါးယောက်စာပေါ့” ဟု သူမက ဆက်ရှင်းပြသည်။

ကျူးကျော်တဲများအနီးတွင် မီးစက်မောင်း၍ မီးပေးသူရှိကာ ညနေ ၆ နာရီကျော်မှ  ၁၀ နာရီအတွင်း မီးချောင်းတစ်ချောင်း ယူပါက ၂၀၀ ကျပ်နှုန်း၊ ဖုန်းအားသွင်းပါက ၁၀၀ ကျပ်နှုန်း ပေးရသည်။

ရေတစ်ထမ်းကို ၅၀ ကျပ်၊ ထမင်းဟင်းချက် ရေသန့်တစ်ပုံး ၂၅၀ နှုန်း၊ ဆန်နှင့်ဟင်း စရိတ်က သုံးထောင်ဝန်းကျင်ရှိရာ တစ်ရက်ကို အနည်းဆုံး ကုန်ကျငွေ ၄၅၀၀ ကျပ် ရှိမှသာ အဆင်ပြေမည်ဟု မခင်သူဇာမြင့်က ဆိုသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အစိုးရက အလုပ်သမားများလုပ်ခလစာ မလုံလောက်မှုကြောင့် အနည်းဆုံး အခကြေးငွေအဖြစ် ကျပ် ၃၆၀၀ သတ်မှတ်ပေးခဲ့သည်။

သို့ရာတွင် အခြေအနေများ ပိုမိုတိုးတက်မလာဘဲ ကျပ်တည်းမှု များလာ၍ ပဋိပက္ခများ၊ ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် နှစ်နှစ်ပြည့်ရန် လေးလသာ လိုတော့ပြီ ဖြစ်ရာ အနည်းဆုံး အခကြေးငွေ  ပြန်လည်သုံးသပ်ရန်အတွက် အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဦးစီး၍ ပညာရှင် ၂၈ ဦးဖြင့် ဇန်နဝါရီ ၉ ရက်နေ့က အဖွဲ့ ဖွဲ့စည်းခဲ့သည်။

ယင်းအပြင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် အနည်းဆုံး အခကြေးငွေ ကော်မတီများကို  ဆက်လက်ဖွဲ့စည်းနေသည်။

ယင်းကော်မတီများက  မိမိဒေသများတွင် အလုပ်သမား တစ်နေ့တာ ကုန်ကျစရိတ်အပေါ် မူတည်ကာ အနည်းဆုံး လုပ်အားခကို ပြောင်းလဲသတ်မှတ်ရမည် ဖြစ်သည့်အတွက် ယင်းကော်မတီများ အပေါ်တွင်သာ မူတည်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

“ပထမ တစ်ခေါက်တုန်းက အလုပ်ရှင်က ၂၅၀၀ ပဲပေးမယ်။ အလုပ်သမားက လေးထောင်တောင်းတယ်။ ကြားချပြီး ၃၆၀၀ ပေါ့၊ တချို့အထည်ချုပ်ဆို လုပ်ငန်းကောင်းလာတယ်။ တိုးတက်ပြီး ပေးနိုင်လိမ့်မယ်၊  တခြားလုပ်ငန်းတွေကတော့ ပြည်နယ်နှင့်တိုင်းမှာ ဖွဲ့ပေးထားတဲ့  အနည်းဆုံး အခကြေးငွေ ကော်မတီတွေက စစ်တမ်းကောက်ယူမှုတွေ ရှိတယ်။ အဲဒီအပေါ်မှ မူတည်ပြီး ပြန်ညှိရမှာပေါ့” ဟု အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

မခင်သူဇာမြင့်နှင့် စက်ရုံတစ်ရုံတည်းတွင် အတူလုပ်ကိုင်နေသည့်  မလှမြင့်က “လုပ်ခလစာနည်းလို့ ဆန္ဒပြရင် အဲအလုပ်သမား လစာမတိုးတော့ဘူး။ ပြီးတော့ ဆန္ဒပြတဲ့ရက်တွေကို လစာထဲက ဖြတ်တယ်၊ ကျွန်မတို့က အခုစက်ရုံထဲမှာပဲ ဆန္ဒဖော်ထုတ်တယ်။ လစာလည်း မဖြတ်တော့ဘူးပေါ့” ဟု သူငယ်ချင်း တစ်ဖွဲ့လိုက် ရယ်လျက်ပြောဆိုသည်။

အနည်းဆုံး အခကြေးငွေ ပြောင်းလဲသတ်မှတ်သော်လည်း လုပ်ခလစာ အပြည့်အဝ မရရှိခြင်းနှင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့်  ၂၀၁၆ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ စက်ရုံအတွင်း အလုပ်ရှင် အလုပ်သမား မပြေလည်မှုကြောင့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ခုံသမာဓိရုံးများက ဖြေရှင်းပေးရသည့် အမှုပေါင်း  ၁၂၃၈ မှု၊ ၂၀၁၇ ခုနှစ် သုံးလအတွင်း  ခုံသမာဓိ ရောက်ရှိလာသည့် အမှုပေါင်း ၃၀၅ မှုရှိပြီး ပြေလည်မှုမရရှိသောကြောင့် နောက်ဆုံးအဆင့် ခုံသမာဓိကောင်စီသို့ ရောက်ရှိလာသည့် အမှုပေါင်း ၄၈ မှု ရှိသည်ဟု  အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် အလုပ်သမားများ အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်အားခ ၃၆၀၀ ကို လုပ်ငန်းရှင်များ အနေနှင့် EC စာချုပ်တွင် အစမ်းခန့် ဝန်ထမ်းတစ်ဦးအား လုပ်အားခ ၇၅ ရာခိုင်နှုန်းဖြင့် တစ်ရက် လုပ်အားခကို ကျပ် ၂၅၀၀ နှုန်း၊ အလုပ်သင်တစ်ဦး လုပ်အားခကို ၅၀ ရာခိုင်နှုန်းဟု သတ်မှတ်ချက်ကြောင့် ၁၈၀၀ နှုန်း ရရှိနေသည့်အတွက် အနည်းဆုံး အခကြေးငွေမှ အမြင့်ဆုံး အခကြေးငွေအဖြစ် လုပ်ငန်းရှင်များက ရှင်းပေးနေသည်ဟု အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ မခခက ပြောသည်။

ထိုသို့ ဝန်ထမ်းများ လုပ်ခလစာများ တိုးမြှင့်ပြီး နောက်ပိုင်းတွင် ကုန်ဈေးနှုန်း မြင့်တက်လာသည်ကို အစိုးရအနေနှင့် ထိန်းချုပ်နိုင်မှု မရှိခြင်းကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်ရသည်ဟု အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ဒါရိုက်တာ  ပြည်ပိုင်ကိုကိုက သုံးသပ်သည်။

၎င်းတို့အဖွဲ့မှ အလုပ်သမားတစ်ဦး တစ်လကုန်ကျစရိတ်ကို မတ်လအတွင်း စစ်တမ်းကောက်ယူခဲ့ရာတွင် အဆောင်စရိတ်၊ တစ်နေ့တာ ကုန်ကျစရိတ်၊ ရေ၊ မီတာကုန်ကျငွေ၊ သာရေးနာရေး၊ စက်ရုံအတွင်း လူမှုဖူလုံကြေး ကောက်ခံမှု အခြေအနေများအပေါ် ခြုံငုံသုံးသပ်ချက်အရ အလုပ်သမားတစ်ဦး တစ်လပျမ်းမျှ ကုန်ကျငွေ ၁၂၀,၀၀၀ နှင့် ၁၅၀,၀၀၀ ပတ်ချာလည် ကုန်ကျသည်ဟု ဆိုသည်။

ယခုအနည်းဆုံးအခကြေးငွေ နှစ်နှစ်ပြည့် ပြန်လည်သုံးသပ်ရာတွင် အလုပ်သမားအများစု နေ့စဉ်ကုန်ကျစရိတ် စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ရာတွင် တစ်နေ့ ၅၆၀၀ ကျပ်နှုန်း ရရှိမှသာ အဆင်ပြေမည်ဟု အလုပ်သမားများက အဆိုပြုထားကြသည်ဟု ၎င်းက ပြောသည်။

သို့သော် ယင်းနှုန်းထားကို အလုပ်ရှင်များဘက်ကတော့ သဘောမတွေ့ကြပါ။

အာဆီယံ နိုင်ငံများရှိ အနိမ့်ဆုံး လုပ်အားခတွင် မြန်မာနိုင်ငံရှိ အလုပ်သမားတစ်ဦး တစ်လဝင်ငွေသည် အမေရိကန်ငွေ ၆၅ ဒေါ်လာ၊ ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်နှင့် ဖိနပ်စက်ရုံများ လူတစ်ဦးဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၈၊ ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၄၅၊ အင်ဒိုနီးရှားတွင် တစ်လလျှင်  အမေရိကန်ငွေ ၂၁၅ ဒေါ်လာ၊ ထိုင်းနိုင်ငံရှိ လူတစ်ဦး တစ်ရက်ဝင်ငွေ  အမေရိကန် ၉-၁၀ ဒေါ်လာကြား၊ ဖိလစ်ပိုင် တစ်ရက်ဝင်ငွေ အမေရိကန် ၁၀-၁၁ ဒေါ်လာ ရရှိသည်ဟု အစိုးရဗျူရိုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်အားခအညွှန်း ဖောင်ဒေးရှင်းတို့မှ သုတေသန ပြုလုပ်ထားသည်။  

အထည်ချုပ်လုပ်ငန်းရှင် အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က လက်ရှိတွင် အနည်းဆုံး အခကြေးငွေကို တစ်ပြည်လုံး ၃၆၀၀ သတ်မှတ်သော်လည်း လုပ်ငန်း တစ်ခုနှင့်တစ်ခု မတူခြင်းကြောင့် အဆင်ပြေမှု မရှိခဲ့ကြောင်း ယခုနှစ်နှစ်ပြည့် ပြန်လည်သုံးသပ်ရာတွင် လုပ်ငန်းရှင်များ ပြန်လည်ဆွေးနွေးသွားမည်ဟု ပြောသည်။

“ပထမ ၃၆၀၀ တုန်းက ညှိခဲ့ကြတာပဲ၊ အကုန်လုံးက အဆင်ပြေသွားကြတာမှ မဟုတ်တာ၊ အဆင်မပြေဘူး ပေးဆိုတော့လည်း ပေးခဲ့ကြတယ် ဆိုပေမယ့် မပေးနိုင်တဲ့ သူတွေလည်း ရှိနေကြတာပဲ။ မပေးနိုင်တော့ ရပ်သွားကြတယ်၊ မပေးနိုင်ဘဲ လုပ်ငန်းကို  မရပ်နိုင်သူတွေကျတော့ ဥပဒေ ချိုးဖောက်သူတွေ ဖြစ်သွားကြတယ်၊ ဒါတွေက စပ်ဆက်မှုတွေ ဖြစ်နေတယ်၊ အဆိုပြုတဲ့ ပြောတာ သေချာညှိခဲ့ကြတာ မဟုတ်ဘူး၊ အခုတစ်ကြိမ် ပြန်သုံးသပ်ချိန်ကိုတော့ သုံးပွင့်ဆိုင် ပြန်လည်ဆွေးနွေးရမှာပေါ့” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း အလုပ်ရှင်ကို အလုပ်သမားမှ ပြန်လည်တရားစွဲဆိုမှုပေါင်း ၂၂ မှုရှိခဲ့ပြီး၊၂၀၁၇ ခုနှစ် သုံးလအတွင်း ၁၆ မှု ရှိခဲ့သည်ဟု အလုပ်ရုံး ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက သိရသည်။

အထည်ချုပ်လုပ်ငန်းရှင်းများအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာခင်မောင်အေးက အလုပ်သမားများ တောင်းဆိုသည့် ၅၆၀၀ နှုန်း မဖြစ်နိုင်ကြောင်း၊ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ပေးနိုင်ခြင်းသည် စက်ရုံအတွင်း Base Data ကုန်ထုတ်လုပ်မှုပေါ် မူတည်နေသည်ဟု ပြောသည်။

“ကျွန်တော်တို့မှာ စနေနေ့တစ်ဝက်ကို ၄ နာရီထိဆင်းရင် အခုဥပဒေနဲ့တွက် အချိန်ပိုကြေး ၂ ဆ ၇၂၀၀ နှုန်း၊ တနင်္ဂနွေကျ မဆင်းဘဲ ပေးရတယ်၊ သေချာတာကတော့ သူတို့တောင်းတဲ့ ၅၆၀၀ တော့ ဝေးနေတယ်၊ ဘယ်လောက်အတိုင်းအတာ ဆိုတာကို ကျွန်တော် စက်ရုံအတွက်ပဲ ပြောတာနော် ၁၀ ရာခိုင်နှုန်းလောက်ပဲ တိုးနိုင်မယ် လေးထောင်ပေါ့” ဟု ၎င်းက ပြောသည်။

လုပ်ငန်းရှင်များ အနေနှင့် Base Data  ကောက်ယူမှုများ ပြုလုပ်ချက်များအရ ရန်ကုန်နှင့် မန္တလေးမြို့မှလွဲပြီး တခြားပြည်နယ်တွေအတွက် အခြေခံလစာ ရရှိရန် မလွယ်ကူကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

အလုပ်သမားများအတွက် လုံလောက်သည့် လုပ်ခလစာရရှိရန် အတွက် အခြေခံ ပြင်ဆင်ရမည့် အချက်သုံးချက်ပေါ် မှုတည်နေသည်ဟု အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့မှ  သင်တန်းတာဝန်ခံ မခခက ပြောသည်။

“အဲတော့ ဘယ်လောက်ပဲတိုးတိုး ကြိုက်သလောက်တိုး အဲဒီ EC စာချုပ်ကို မပြင်သရွေ့ လူတိုင်းစီ ၅၆၀၀ တိုးလည်း မရပါဘူး၊ လစာတိုးပြီး အလုပ်စံနှုန်း တိုးသတ်မှတ်တဲ့အတွက် အလုပ်သမားက  ကျွန်လိုလုပ်ရမှာပဲ။ အလုပ်သမားတွေ အလုပ်ဝင်မယ်ဆို အနည်းဆုံး အခကြေးငွေကို အမြင့်ဆုံးနဲ့ ပေးနေတာ။ လစာတိုးသလို ကုန်ဈေးနှုန်း တက်နေတာရယ် အဲဒီသုံးချက်ကြောင့် အလုပ်သမားတွေက လောက်ငမှာ မဟုတ်ဘူး။ ပြဿနာ ဖြစ်လာရင် EC စာချုပ်ကို ကိုင်ပြီး ဖြေရှင်းတာကြောင့် လုပ်ပိုင်ခွင့်ရတဲ့ အလုပ်သမား ဝန်ကြီးဌာန လုပ်သမျှ ခံရမှာပဲ။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းလိုက်ရင် EC စာချုပ်နဲ့ ကိုင်တွယ်ဖြေရှင်းနေကြတာပါပဲ” ဟု ၎င်းက ပြောသည်။

မခင်သူဇာမြင့်၏ တစ်လဝင်ငွေသည် တစ်သိန်းပတ်ချာလည်သာ ရှိပြီး အချိန်ပိုလုပ်အားခ ရရှိသည့်လတွင် တစ်သိန်းခွဲကြား ရရှိသော်လည်း ဧပြီလကုန်ရန် နှစ်ရက်အလိုတွင် လက်ထဲတွင် ကိုင်ထားသည့် ပိုက်ဆံအိတ်ကို ဖွင့်ကြည့်တော့ ပထမအကန့်တွင် လက်စွပ်နှစ်ကွင်း ပေါင်ထားသည့် အပေါင်စာရွက်၊ အထည်ပေါင်ထားသည့် အပေါင်စာရွက်၊ ဒုတိယအကန့်တွင် တစ်ထောင်တန်တစ်ရွက်၊ နောက်ဆုံးအကန့်တွင် အပ်ချည်ကြိုးဖြင့်ကျစ်ထားသည့် ဆွဲကြိုးရိုးရာအဆောင် တစ်ခုကို တွေ့ရသည်။
“တနင်္လာသမီးဆိုတော့  ခရေသားနဲ့ လုပ်ထားတဲ့ နေ့နံပေါ့၊ အမေထည့်ပေးလိုက်တဲ့ အဆောင်လက်ဖွဲ့ပေါ့” ဟု မခင်သူဇာမြင့်က ပြောသည်။

တစ်ရက် အနိမ့်ဆုံးလုပ်ခ လစာကို ၃၆၀၀ ကျော် ရရှိလာသော်လည်း လှိုင်သာယာစက်မှုဇုန်ကို အဓိက မောင်းနှင်နေသော သူတို့၏ဘဝများ သိသိသာသာ မြင့်မားတိုးတက်လာခြင်း မရှိ။

လမ်းမရှိ၊ တံတားမရှိ၊ မီးမရှိ၊ ရေမရှိ၊ ဘာမှမရှိသော ကျူးကျော်တဲများပေါ် ရောက်သွားသည်သာ အဖတ်တင်သည်။

ကျူးကျော်တဲများပေါ်တွင် နေထိုင်ရင်း အသက်ရှင် ရပ်တည်ရေး ရုန်းကန်နေရသော သူတို့အတွက် မျှော်လင့်ချက်က အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်လာရေး။ သို့သော် အဲ့ဒါက သူတို့အတွက် အမှန်တကယ် ဖူလုံမည်လား ဆိုသည်ကား။

“နောက်လတွေကျ လစာတိုးတော့မှ တစ်လ ငါးသောင်းလောက်စုပြီး အရောင်းအဝယ် လုပ်စားဖို့ စဉ်းစားထားတယ်။ အထည်ချုပ်အလုပ်ကတော့ သမင်မွေးရင်း ကျားစားရင်းပဲ” ဟု မခင်သူဇာမြင့်က ညည်းညူရင်း ဆိုလိုက်သည်။

ခင်မြတ်မြတ်ဝေ



FOLLOW US